တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ အခွင့်အလမ်းကောင်းများကို ရယူကြရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ ထွက်ပေါ်လာသော အခွင့်အလမ်းကောင်းများကို မိမိရရဆုပ်ကိုင်ကြရန် ယနေ့ သြဂုတ်လ ၁၉ ရက်နေ့ နေပြည်တော်၌ ပြုလုပ်သည့် ၂၁ ရာစု ပင်လုံညီလာခံတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

By အောင်ထိန် 19 Aug 2020

အောင်ထိန် | DMG
သြဂုတ် ၁၉ ၊ စစ်တွေ

NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ ထွက်ပေါ်လာသော အခွင့်အလမ်းကောင်းများကို မိမိရရဆုပ်ကိုင်ကြရန် ယနေ့ သြဂုတ်လ ၁၉ ရက်နေ့ နေပြည်တော်၌ ပြုလုပ်သည့် ၂၁ ရာစု ပင်လုံညီလာခံတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးတည်ဆောက်ခြင်းသည် ပြည်ထောင်စုကောင်းကျိုး၊ တိုင်းရင်းသားပြည်သူများ၏ အနာဂတ်ကို ဆောင်ကျဉ်းပေးခြင်းထက် သာလွန်ပြီး မြင့်မြတ်သောအရာကို ထမ်းဆောင်ခြင်းဟု ဆိုသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ အကြားတွင်ရှိသည့် ပြဿနာကို အချင်းချင်းဆွေးနွေးအဖြေရှာ ရာတွင် အပေးအယူ၊ အလျော့အတင်းကို ညှိနှိုင်းယူတတ်သည့် နိုင်ငံရေးယဉ်ကျေးမှုမျိုးကို တည်ဆောက်ပြီး ဓလေ့ဆိုးကို ယဉ်ကျေးမှုအသစ်နှင့် အစားထိုးပစ်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“အပေးအယူလုပ်ခြင်းဟာ အရှုံးပေးရခြင်းလို့ ယူဆနေကြပြီးတော့ အပေးအယူလုပ်လို့ စိတ်ဓာတ်တွေလည်း လျော့နည်းခဲ့တာ သမိုင်းတစ်လျှောက်လုံးတွေ့မြင်နိုင်ပါလိမ့်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ငြိမ်းချမ်းရေးကင်းမဲ့ခြင်းနှင့် ပဋိပက္ခများ ရှည်ကြာခြင်း၏ အကျိုးဆက်များသည် ပြည်သူများ၏ အသက် အိုးအိမ်ဆုံးရှုံးခြင်း၊ စစ်ဘေးဒုက္ခသည်ဘဝကို ရောက်ရခြင်း၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံ ခြင်းများ ထိခိုက်ဆုံးရှုံးရခြင်းပင်ဖြစ်သည်။

ထို့ကြောင့် နှစ်ပေါင်း (၇၀)ကျော်ရှည်ကြာခဲ့ပြီဖြစ်သည့် သံသရာဆိုးလမ်းကို မိုက်မဲစွာ လျှောက်လှမ်း မည်လား (သို့မဟုတ်) ပြည်ထောင်စုကြီးအနာဂတ်အတွက် လမ်းဟောင်းကိုပြောင်းကာ ငြိမ်းချမ်းရေး လမ်းသစ်ကို လျှောက်လှမ်းမည်လောဟု ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်ခဲ့သည်။

“အခု ကျွန်မတို့ရှေ့မှာလမ်းနှစ်သွယ်ရှိပါတယ်။ ဒီလမ်းနှစ်သွယ်ထဲက ဘယ်လမ်းကိုလိုက်မှာလဲ။ ဘယ်လမ်းပေါ်လျှောက်မှာလဲ။ ကျွန်မတို့ရွေးချယ်ရမယ့် လမ်းနှစ်သွယ်က ကျွန်မတို့အားလုံးရှေ့မှာ အဆင်သင့်စောင့်ဆိုင်းနေပါပြီ” ဟု ဆိုသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ၂၀၂၀ အလွန်မှာ NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံရေးစားပွဲဝိုင်းထဲရောက်လာရန် ဆွေးနွေးညှိနှိုင်းမှုများကိုပါ ဆောင်ရွက်သွားမည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့သည်။

NCA လက်မှတ်မထိုးရသေးသည့်အဖွဲ့များမှာ UWSA (ဝ)အဖွဲ့၊ မိုင်းလားအဖွဲ့(NDAA)၊ ကချင် လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ တအောင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ဖြစ်သည်။

ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေငြာထားသော်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုကို ပိတ်ပင်ထားခြင်းမျိုးမရှိကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားထားသည်။

ဗီဒီယိုများ