တိုက်ပွဲသုံးရဟတ်ယာဉ်တစ်စီး ပစ်ခတ်ခံရမှုကို တပ်မတော်ငြင်းပယ်

ချင်းပြည်နယ်၊ ပလက်မြို့နယ် ကင်းတလင်းကျေးရွာ အနောက်မြောက်ဘက် ၅ ကီလိုမီတာအကွာဝေး လောင်းရပ်တောင်အနောက်ဘက်တွင် ပြီးခဲ့သည့် စက်တင်ဘာလ (၅) ရက်၊ နေ့လည် (၃) နာရီကျော်ခန့်က တပ်မတော်ရဟတ်ယာဉ်တစ်စီးအား ရက္ခိုင့်တပ်တော်(AA)မှ ပစ်ချခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

07 Sep 2019


 တပ်မတော်၏ တိုက်ခိုက်ရေး ရဟတ်ယာဉ်နှစ်စီး ပျံသန်းနေသည်ကို တွေ့ရစဉ်/ ဓာတ်ပုံ - Khaing Aung / Facebook

ခိုင်ရိုးလ | DMG

စက်တင်ဘာ ၇ ၊ စစ်တွေ

ချင်းပြည်နယ်၊ ပလက်မြို့နယ် ကင်းတလင်းကျေးရွာ အနောက်မြောက်ဘက် ၅ ကီလိုမီတာအကွာဝေး လောင်းရပ်တောင်အနောက်ဘက်တွင် ပြီးခဲ့သည့် စက်တင်ဘာလ (၅) ရက်၊ နေ့လည် (၃) နာရီကျော်ခန့်က တပ်မတော်ရဟတ်ယာဉ်တစ်စီးအား ရက္ခိုင့်တပ်တော်(AA)မှ ပစ်ချခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါရဟတ်ယာဉ်မှာ Mi 17 အမျိုးစားဖြစ်ပြီး ပစ်ချခံရမှုကြောင့် လောင်းရပ်တောင်အနောက်ဘက် ချောက်ထဲသို့ထိုးကျသွားခဲ့ကြောင်း AA က ဆိုသည်။

ထိုသို့ ရဟတ်ယာဉ်ပစ်ချခံရသည့်အပေါ် တပ်မတော်မှငြင်းဆိုပြီး Mi 17 ရဟတ်ယာဉ်ဆိုသည်မှာ တပ်မတော်မှ အသုံးပြုသည့်အမျိုးအစားဖြစ်၍ ထည့်သွင်းပြောဆိုနေခြင်းသာဖြစ်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

“ပစ်ချခံရတယ်ဆိုတာ မဟုတ်ဘူး။ လျှောက်ပြောနေတာ။ အဲဒီသတင်းမှားတယ်။ အဲဒီဘက်မှာ တိုက်ပွဲ ဖြစ်တာလည်းမရှိဘူး။ ကျနော်တို့တပ်မတော်က Mi 17 ပဲ သုံးပါတယ်။ အဲဒါကိုလျှောက်ပြီး ထည့်ပြောနေတာ” ဟု ၎င်းကဆိုသည်။

AA ဘက်မှ ၎င်းတို့ပစ်ချခဲ့သည့် တပ်မတော်ရဟတ်ယာဉ်အား ဓာတ်ပုံအထောက်ထားများရရှိနိုင်ရန် ကြိုးပမ်းနေကြောင်းလည်း ဆိုထားသည်။

သို့သော် ပလက်ဝမြို့ခံ ကိုတင်ထွန်းအောင်က စက်တင်ဘာလ ၅ ရက်နေ့နှင့် ၆ ရက်နေ့တို့တွင် ပလက်ဝမြို့ ပေါ်မှ ရဟတ်ယာဉ် ၂ စီးပျံသန်းမှုရှိခဲ့ကြောင်း၊ နှမဒါကျေးရွာဘက်တွင် စက်တင်ဘာလ ၆ ရက်နေ့က တိုက်ပွဲ ခဏတာဖြစ်ပွားမှုများရှိခဲ့ကြောင်း ဆိုသည်။

“ပြီးခဲ့တဲ့ (၅) ရက်နဲ (၆) ရက်နေ့ကတော့ ပလက်ဝဘက်မှာ ရဟတ်ယာဉ် ၂ စင်းတောင် ပျံသန်းတာကို တွေ့လိုက်ရတယ်။ တိုက်ပွဲဖြစ်ပွားတာတို့ ပစ်ခတ်မှုအခြေနေကိုတော့ ကျွန်တော်တို့မသိပါဘူး” ဟု ကိုတင်ထွန်းအောင်က ပြောသည်။

တပ်မတော်ရဟတ်ယာဉ် ပစ်ခတ်ခံရသည်ဆိုသော ကင်းတလင်းကျေးရွာသည် ပလက်ဝမြို့နှင့်ရေလမ်းကြောင်း မရှိပဲ တောလမ်းအတိုင်းခြေလျင်သွားပါက ၃ ရက်ခန့် သွားရမည့်ခရီးဖြစ်ကာ အင်တာနက်၊ ဖုန်းလိုင်းများ ဆက်သွယ်မှုမရရှိသည့်နေရာဖြစ်ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း တပ်မတော်မှထိုးစစ်ဆင်တိုက်ခိုက်မှုများ ကြီးကြီးမားမားမရှိသော်လည်း လက်နက်ကြီး များဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း၊ အချို့နေရာများတွင် ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်မှုများရှိကြောင်း AA မှ သတင်းထုတ်ပြန်ထားသည်။

ဗီဒီယိုများ