ICJ တွင်အမှုရင်ဆိုင်မည့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲ ဘူးသီးတောင်တွင်ပြုလုပ်မည်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်သောင်းကျန်းသူအဖြစ် သတ်မှတ်ပြီး ထိထိရောက်ရောက် ချေမှုန်းရန် မှာကြားထားသည်ဟု တပ်မတော်ဘက်ကပြောဆိုပြီးနောက် ရခိုင်လူထုများကြား ဝေဖန်မှုခံနေရသည်။

By ကျော်သူဋ္ဌေး 07 Dec 2019

ဒီဇင်ဘာလ ၄ ရက်နေ့ကလည်း ရမ်းဗြဲမြို့နယ် NLD က ဦးဆောင်ပြီး လူပေါင်း(၈၀)ခန့်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း ပြသလိုက်သည်။ (ဓာတ်ပုံ - ဦးခင်ရီ)

ကျော်သူဌေး | DMG
ဒီဇင်ဘာ ၇၊ စစ်တွေ

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် အမှုရင်ဆိုင်မည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲတစ်ရပ် မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ဦးဆောင်ပြီး လာမည့် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဘူးသီးတောင်မြို့၌ ပြုလုပ်မည်ဖြစ်သည်။

ရခိုင်မြောက်ပိုင်းရှိ မွတ်ဆလင်များကို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခြင်း၊ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ရန် လျှို့ဝှက်ကြံစည်သည်ဟု စွပ်စွဲချက်များဖြင့် အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC)ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အမှုဖွင့်ထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြန်မာနိုင်ငံ၏အကျိုးစီးပွားကို ကာကွယ်ရန် သွားရောက်ဖြေရှင်းမည် ဖြစ်သောကြောင့် တိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့်အတူ တစ်ညီတစ်ညွှတ်တည်း ထောက်ခံပွဲပြုလုပ်မည်ဟု NLD မြို့နယ် ဥက္ကဋ္ဌ ဦးရဲသိန်းက DMG ကိုပြောသည်။  

“ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ ့အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် နယ်သာလန် နိုင်ငံကို တရားရင်ဆိုင်ဖို့သွားမှာဖြစ်တယ်။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဘူးသီးတောင်မြို့မှာ တိုင်းရင်းသားညီအစ်ကိုတွေပါ အားလုံးတညီတညွတ်တည်း ထောက်ခံပွဲလုပ်မှာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

အမှုရင်ဆိုင်ရန်သွားရောက်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ရခိုင်လူမျိုးမျာသာမက နိုင်ငံအတွင်းရှိ တိုင်းရင်းသားအားလုံးကပါ ဝိုင်းရံရန် NLD မြို့နယ် ဥက္ကဋ္ဌက တောင်းဆိုသည်။

“မြန်မာ တိုင်းရင်းသား ညီအစ်ကိုတွေပါ အားလုံးဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ငန်းတွေကို ဝိုင်းဝန်းကူညီပြီး ဝိုင်းရံရဖို့ဆိုတာကို ကျနော်က တောင်းဆိုချင်တယ်။ နောက်အနာဂတ်မှာ ရိုဟင်ဂျာလို့အသိအမှတ်ပြုလာရင် ကျနော်တို့နိုင်ငံ အေးချမ်းမှာလား။ အဲဒါတွေကို တစ်ဖက်တစ်လမ်းက စဉ်းစားပြီးတော့ ပြည်သူ့အစိုးရကို ဝိုင်းရံဖို့ ကျနော့်အနေနဲ့အနူးအညွတ် တောင်းဆိုချင်တယ်” ဟု ၎င်းကပြောသည်။

မြန်မာ့တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ရက္ခိုင့်တပ်တော်( AA)ကမူ ယခုကဲ့သို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် အမှုဖွင့်တိုင်ကြားထားမှုကို  ထောက်ခံထားသည်။ ပြစ်မှုကျူးလွန်သူနေသူများကို အပြစ်ပေးအရေးယူနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း AA အပါအဝင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က သဘောထားထုတ်ပြန်ထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်သောင်းကျန်းသူအဖြစ် သတ်မှတ်ပြီး ထိထိရောက်ရောက် ချေမှုန်းရန် မှာကြားထားသည်ဟု တပ်မတော်ဘက်ကပြောဆိုပြီးနောက် ရခိုင်လူထုများကြား ဝေဖန်မှုခံနေရသည်။

ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုထားမှုနှင့်ပတ်သက်၍ လာမည့် ဒီဇင်ဘာလ ၁၀ ရက်မှ ၁၂ ရက်အထိ မြန်မာနိုင်ငံ နှင့် ဂမ်ဘီယာနိုင်ငံတို့မှ နှုတ်ဖြင့်လျှောက်လဲချက်တင်သွင်းရန် ICJ က အချိန်ဇယားသတ်မှတ်ထားသည်။

ထိုသို့ တရားစွဲဆိုမှုကို တုန့်ပြန်နိုင်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမှ ကျွမ်းကျင်သည့် ဥပဒေပညာရှင်ရှေ့နေကြီးများကို ငှားရမ်းထားပြီးဖြစ်ကြောင်းလည်း နိုင်ငံတော်၏အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ (၄)ရက်နေ့ကလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထောက်ခံပွဲ ရမ်းဗြဲမြို့တွင် NLD ပါတီက ဦးဆောင်ကာ ပြုလုပ်ခဲ့သည်။

Ralated Post : သက်ရောက်မှုကြီးမားတဲ့ ဒေါ်အောင်ဆန်းစုကြည် မှာကြားချက်

ဗီဒီယိုများ