ရခိုင်တွင် သုံးရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၃၀ ဦးနီးပါးသေဆုံး၊ စုစုပေါင်းသေဆုံးသူ ၆၆ ဦး အထိရှိလာ

ရခိုင်ပြည်တွင်း ဇူလိုင် ၁၈ ကနေ ၂၀ ရက်ထိ သုံးရက်အတွင်း ကိုဗစ်အတည်ပြုလူနာ သေဆုံးသူဦးရေ ၃၀ နီးပါးရှိခဲ့ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ၏ ဇူလိုင် ၂၀ ရက်နေ့ စာရင်းအရ သိရသည်။

21 Jul 2021

မာန်အောင်မြို့တွင် ဇူလိုင်လ ၁၉ ရက်နေ့က ကိုဗစ်အတည်ပြုလူနာတစ်ဦး သေဆုံးမှုအားတွေ့ရစဉ်။ (ဓါတ်ပုံ - R011)

DMG ၊ ဇူလိုင် ၂၁

ရခိုင်ပြည်တွင်း ဇူလိုင် ၁၈ ကနေ ၂၀ ရက်ထိ သုံးရက်အတွင်း ကိုဗစ်အတည်ပြုလူနာ သေဆုံးသူဦးရေ ၃၀ နီးပါးရှိခဲ့ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ၏ ဇူလိုင် ၂၀ ရက်နေ့ စာရင်းအရ သိရသည်။

COVID-19 ရောဂါ ပထမလှိုင်းနှင့် ဒုတိယလှိုင်းနှစ်ခုအတွင်း ရခိုင်ပြည်တွင် ကိုဗစ်တည်ပြုလူနာ သေဆုံးသူဦးရေမှာ ၃၇ ဦးရှိခဲ့ပြီး ယခု တတိယလှိုင်းအစမှာပင် သေဆုံးသူဦးရေမှာ ၆၆ ဦးအထိ ရှိလာနေပြီဖြစ်သည်။

အဆိုပါ သုံးရက်အတွင်း ကိုဗစ်ကြောင့်သေဆုံးသူ ဇူလိုင် ၁၈ ရက်နေ့ ၄ ဦး၊ ဇူလိုင် ၁၉ ရက်နေ့ ၁၃ ဦး၊ ဇူလိုင် ၂၀ ရက်နေ့ ၁၂ ဦး တို့ ဖြစ်သည်။

ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က “သေသွားတဲ့သူ အများစုမှာတော့ ရောဂါအခံရှိသူတွေများပါတယ်။ ဆီးချိုတွေပါတယ်၊ သွေးတိုးရောဂါအခံရှိသူတွေပါတယ်။ အတိအကျစာရင်းတော့ ဆရာ့ဆီမရောက်သေးဘူး” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်အတွင်းမှ မြို့နယ် ၁၇ ခုလုံးတွင် ကိုဗစ်အတည်ပြုလူနာ အနည်းနှင့်အများရှိနေကြပြီး ဇူလိုင် ၁၉ ရက်အထိ ကိုဗစ်အတည်ပြုလူနာသေဆုံးမှုမှာ စစ်တွေတွင် (၁၅)ဦး၊ ပေါက်တော (၁)ဦး၊ ကျောက်တော် (၁)ဦး၊ မြောက်ဦးတွင် (၂)ဦး၊ ကျောက်ဖြူတွင် (၅)ဦး၊ သံတွဲတွင် (၉)ဦး၊ တောင်ကုတ်တွင် (၂၂) ဦး၊ ဂွတွင် (၁)ဦး၊ မာန်အောင် (၃)ဦး၊ မောင်တောတွင် (၆) ဦးနှင့် ရသေ့တောင်တွင် (၁) ဦးတို့ ဖြစ်ကြောင်းသိရသည်။

လက်ရှိမှာ Stay at Home သတ်မှတ်မြို့နယ်များက ရခိုင်ပြည်သို့ လာရောက်မည့်သူများကို Quarantine ထားရှိမည့်နေရာများအား စီစဉ်ထားပြီး လူစုလူဝေးဖြင့် လမ်းဘေးတွင် အရက်သေစာ သောက်စားသူများကို ရဲအက်ဥပဒေဖြင့် အရေးယူဆောင်ရွက်နေကြောင်း ပြည်နယ်စစ်ကောင်စီက ပြောထားသည်။

ရခိုင်ပြည်အတွင်း ကိုဗစ်ရောဂါ ဆက်လက်မပြန့်ပွားနိုင်ရန်အတွက် အပြင်သို့မသွားဘဲ မိမိနေအိမ်တွင် နေထိုင်ကြရန် Stay at Home ကာလကို ဇူလိုင်လ ၂၀ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့အထိ နှစ်ပတ်ကြာ သတ်မှတ်လိုက်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)က ဇူလိုင် ၂၀ ရက်နေ့က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်တွင် ဇူလိုင်လ ၂၀ ရက်နေ့အထိ COVID-19 ရောဂါပိုးကူးစက်ခံရသူ ၁၇၀၂ ဦး၊ ဆေးရုံမှဆင်းခွင့်ရသူ ၆၈၃ ဦးနှင့် သေဆုံးသူ ၆၆ ဦးအထိ ရှိလာနေပြီဖြစ်သည်။

ဗီဒီယိုများ