■ တစ်ပတ်အတွင်း ရခိုင်သတင်းများစုစည်းမှု

(၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အထိ)

01 Dec 2021

(၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အထိ)
ဒီဇင်ဘာ ၁
■ ယခုနှစ်ခရီးသွားရာသီသို့ ရောက်ရှိလာသော်လည်း ရခိုင်ပြည်အတွင်းရှိ ဟိုတယ်နှင့် အဆင့်မြင့်ဧည့်ရိပ်သာ ၁၀၀ လုံးအနက် ၆၆ လုံးသာ ဖွင့်လှစ်နိုင်သေးပြီး ၃၀ ကျော်ခန့်မှာ လက်ရှိအချိန်ထိ ပြန်မဖွင့်လှစ်နိုင်သေးကြောင်း ရခိုင်ပြည်နယ်ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
■ မြောက်ဦးမြို့နယ်၊ တိန်ညိုတိုက်နယ်ဆေးရုံတွင် ဆရာဝန်မရှိတော့သဖြင့် ဆရာဝန်အမြန်ဆုံးချထားပေးရန် ဒေသခံများက လိုလားနေကြသည်။
■ စစ်တွေမြို့မဈေးကြီးတွင် ဈေးမရောင်းရနယ်မြေအဖြစ် သတ်မှတ်ထားသည့်နေရာတွင် ဈေးရောင်းချနေသူများကို နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းကတားဆီးစဉ် စည်ပင်ဝန်ထမ်းနှင့် ဈေးသည်အချို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး စည်ပင်ဝန်ထမ်းနှစ်ဦးမှာ ဒဏ်ရာအသီးသီးရရှိခဲ့သည်။
■ စစ်တွေမြို့၊ မြို့မဈေးကြီးအတွင်းသို့ သုံးဘီးဆိုင်ကယ်နှင့် မော်တော်ဆိုင်ကယ်များ ဝင်ရောက်မောင်းနှင်ခြင်း၊ ရပ်နားခြင်းပြုလုပ်ပါက ဒဏ်ငွေသုံးသောင်းကျပ်ပေးဆောင်ရမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
■ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နိုဝင်ဘာ ၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကန်ဒေါ်လာ ၁၂ သိန်းခန့်အထိ ကုန်ပစ္စည်းတင်ပို့မှုရှိခဲ့ကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။
နိုဝင်ဘာ ၂၅
■ ရခိုင်တွင် မြင့်တက်လာသည့် စားအုန်းဆီဈေးကွက်ကို ထိန်းချုပ်နိုင်ရန်ရည်ရွယ်ပြီး ဝယ်ယူထားသည့်စားအုန်းဆီပိဿာ သုံးသောင်းကျော်ကို တစ်ပိဿလျှင် ၄၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးနေကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက ပြောသည်။
■ ယခုနှစ်စပါးရိတ်သိမ်းချိန်တွင် စပါးအထွက်နှုန်းကောင်းသော်လည်း စိုက်ပျိုးရေးကုန်ကျစရိတ်များခဲ့ပြီး လက်ရှိစပါးဈေးမှာ မကောင်းသဖြင့် တောင်သူများ ချေးငွေပြန်ဆပ်ရန် အခက်အခဲရှိနိုင်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂမှ ခန့်မှန်းသည်။
■ ရခိုင်ပြည်အခြေစိုက် စာရေးဆရာတစ်ဦးဖြစ်သူ အောင်ကြည်မိုး (သင်းပုန်းတန်း) မှ ဒုတိယအကြိမ်မြောက် ထွက်ရှိလာသည့် “ယုံကြည်ရာ ဆက်လျှောက်ခဲ့သူတို့ ဘဝကောက်ကြောင်း” စာအုပ် မိတ်ဆက်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ  ၂ နာရီခန့်က စစ်တွေမြို့ မင်္ဂလာပါ မိုတယ်ခန်းမတွင် ပြုလုပ်ခဲ့သည်။
■ ငါးဖမ်းလုပ်ငန်းနှင့်ဆက်စပ်ပစ္စည်းများ ဈေးမြင့်တက်နေမှုကြောင့် စားဝတ်နေရေးအခက်အခဲနှင့် ကြုံတွေ့နေရကြောင်း ရခိုင်ပြည်နယ်အတွင်းရှိ ရေလုပ်သားများကပြောဆိုကြသည်။
■ စစ်တွေမြို့ရှိ စစ်တွေတက္ကသိုလ်တွင် ဓမ္မာရုံတည်ဆောက်မည့်အစီအစဉ်ကို ဘာသာရေးအရ ဖိနှိပ်မှုအဖြစ် ကျောင်းသားများကရှုမြင်ကြပြီး ဓမ္မာရုံတည်ဆောက်မည်ကိုလည်း ကန့်ကွက်မှုများ ရှိနေကြသည်။
■ ၁၆ ရက်တာ လှုပ်ရှားမှုတွင်ပါဝင်သော နိုဝင်ဘာလ ၂၅ ရက်နေ့သည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေးနေ့ဖြစ်သောကြောင့် ယင်းအထိမ်းအမှတ်အဖြစ် စစ်တွေတွင် စက်ဘီးစီးကမ်ပိန်းတစ်ခုကို ပြုလုပ်ခဲ့ကြသည်။
■ သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာတွင် ဧည့်စာရင်းတိုင်ကြားရန် နိုဝင်ဘာ ၂၅ ရက်နေ့က အသိပေးကြေညာခဲ့သည်။
နိုဝင်ဘာ ၂၆
■ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်စပ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့်ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာမင်းဒီပါကို နိုဝင်ဘာလ ၂၆ ရက်နေ့က မြောက်ဦးခရိုင်တရားရုံး၌ ရုံးထုတ်ခဲ့သည်။
■ စစ်တွေမြို့နယ် ရပ်ကွက်ကျေးရွာအုပ်စု (၉) ခုနှင့် တပ်ရင်း/တပ်ဖွဲ့ (၈) ခုမှ ရခိုင်တိုင်းရင်းသား ၁၅၇၈ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား မှတ်ပုံတင်ကို စရိတ်ငြိမ်းဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ပန်းခင်းစီမံချက်အရ  နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဦးဥတ္တမခန်းမ၌ ထုတ်ပေးခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီထံမှ သိရသည်။
■ စစ်တွေမြို့တွင် ဝါးလက်မှုထည်ထုတ်လုပ်မှုနည်းပညာ အခြေခံသင်တန်းကို ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၁၅ ရက်တာ အခမဲ့ ဖွင့်လှစ်ပေးသွားမည်။
■ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ကျရောက်မည့် (၄၇) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို စစ်တွေမြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီမှ သိရသည်။
■ ပြန်လည်ဦးမောခါစရှိသေးသည့် ဇာတ်သဘင်လောကကို စည်းကမ်းများ တင်းကျပ်လာမည်ဆိုပါက ဇာတ်သဘင်လောကအတွက် များစွာအခက်တွေ့လာနိုင်ကြောင်း ဇာတ်သဘင်လုပ်ငန်း လုပ်ကိုင်သူများကပြောကြသည်။
■ စစ်တွေမြို့၊ အနောက်စံပြရပ်ကွက်ရှိ အိမ်ဖြူတော်(KTV)၌ ဖြစ်ပွားခဲ့သည့်အမှုအခင်းတွင် ပါဝင်သူအချို့နှင့် KTV ပိုင်ရှင် ဦးသိန်းရွှေတို့ကို ဖမ်းဆီးစစ်ဆေးနေကြောင်း ရက္ခိုင့်ပြည်သူ့အာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ခဲ့သည်။
■ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများတွင်တက်ရောက်နေကြသည့် ကျောင်းသူ၊ ကျောင်းသားများအတွက် နှစ်ဆုံးစာမေးပွဲအား လာမည့် မတ်လထဲတွင် စစ်ဆေးသွားမည်ဟု စစ်ကောင်စီက ပြောခဲ့သည်။
နိုဝင်ဘာ ၂၇
■ စစ်ကောင်စီမှ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်၊ ကောလိပ်များကို လာမည့်ဒီဇင်ဘာလဆန်းပိုင်းမှာ ပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ ကျောင်းများကို အဆင်သင့်ပြုလုပ်ထားရန် ညွှန်ကြားစာပေးပို့ခဲ့သည်ဟု သိရသည်။
■ ရခိုင်ပြည်အတွင်းရှိ လမ်းတံတား (၁၀) ခုတွင် ဂိတ်ကြေးကောက်ခံရန် ပြည်ထောင်စုအဆင့်သို့ စာတင်ထားကြောင်း ရခိုင်ပြည်နယ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောခဲ့သည်။
■ အမ်းမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်စဉ် တောင်းယူထားသည့်ငွေကို မြို့နယ်လဝကရုံးဝန်ထမ်းများမှ နေအိမ်သို့လာ၍ ပြန်လည်ပေးအပ်လာကြောင်း ကာယကံရှင်ထံမှ သိရသည်။
■ ရခိုင်ပြည်တွင် ယခုနိုဝင်ဘာလဆန်းပိုင်းမှ ၂၇ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ လေးဦးသေဆုံးမှုရှိခဲ့ကြောင်း ပြည်နယ်ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
■ ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်စပ်သံသယဖြင့် အကြမ်းဖက်မှုပုဒ်မနှင့် ဖမ်းဆီးခံထားရသူ ၃၆ ဦး၏အမှုကိုရုပ်သိမ်းပေးရန် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုသို့ နိုဝင်ဘာလ ဒုတိယအပတ်ခန့်ကစာတင်ပြီးဖြစ်သဖြင့် မကြာခင် လွှတ်ပေးနိုင်မည်ဟု ပြည်နယ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကပြောသည်။
နိုဝင်ဘာ ၂၈
■ ရခိုင်တို့အမြတ်တနိုးတန်ဖိုးထားသည့် ရခိုင်သဇင်ပန်းမျိုးဥများမှာ ထိန်းသိမ်းမှုမရှိပါက လာမည့်ဆယ်စုနှစ်တစ်ခုအတွင်း မျိုးတုန်းမည့်အရေးနှင့်ကြုံတွေ့လာနိုင်သည်ဟု ရခိုင်ကမ်းရိုးတန်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ သိရသည်။
■ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ကျောက်တော်နှင့် ပလက်ဝ သွားလာသည့် ရေလမ်းကြောင်းများပိတ်ထားမှုကြောင့် ကုန်စည်စီးဆင်းမှုများ နှောင့်နှေးကာ ကုန်ဈေးနှုန်းများအဆမတန် မြင့်တက်မှုနှင့်ကြုံနေရသည်ဟု ပလက်ဝဒေသခံများကပြောကြသည်။
■ ပေါက်တောမြို့နယ်၊ ငှက်ချောင်းမွတ်ဆလင် IDP စခန်းတွင် အသက် ၁၈ နှစ်နှင့်  ၄၅ နှစ်အထိကို နိုဝင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းကစ၍ ကိုဗစ် ကာကွယ်ဆေး ထိုးပေးခဲ့သည်။
■ စစ်တွေမြို့တွင် နိုဝင်ဘာ ၂၈ နံနက်ပိုင်းက မြို့မဈေးကြီးရှေ့ လုယက်မှုဖြစ်ပွားခဲ့ပြီး ငွေ  ၁၀ သိန်းကျော်နှင့် ဖုန်းတစ်လုံး ပါသွားခဲ့သည်။
နိုဝင်ဘာ ၂၉
■ စစ်ကောင်စီအတွက် ရင်နှီးမြုပ်နှံမှုများတွင် သြစတြေးလျ နိုင်ငံအနာဂတ်ရံပုံငွေ - Future Fund မှ အများဆုံးဖြစ်နေကြောင်း Justice For Myanmar အဖွဲ့မှ နိုဝင်ဘာ ၂၉ ရက်တွင် ထုတ်ဖော်လိုက်သည်။
■ ရခိုင်ပြည် ရှေးဟောင်းမြို့မြောက်ဦးတွင် လူအရောက်နည်းသည့် ရှေးဟောင်းဘုရားပုထိုးပရဝုဏ်၊ တံတိုင်း၊ လက်ဆည်ကန် ပတ်ဝန်းကျင်များတွင် မူးယစ်ဆေးဝါးကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲသူ ရှိလာနေကြောင်း ဒေသခံများထံမှသိရသည်။
■ မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းယူပြီးနောက် ရွှေဈေးတစ်ဟုန်ထိုးမြင့်တက်ခဲ့သော်လည်း ယခုအချိန်တွင် ရွှေဈေးနှုန်းလျော့ကျလာပြီး အနည်းငယ်တည်ငြိမ်နေပြီဖြစ်ကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များထံမှ သိရသည်။
■ ရခိုင်ပြည်အတွင်းရှိ နယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်တင်ပို့ရာတွင် အောက်တိုဘာလ ၁၆ ရက်နေ့မှ နိုဝင်ဘာ ၂၉ ရက်နေ့အထိ ၄၅ ရက်တာအတွင်း အမေရိကန်ဒေါ်လာ ၅ ဒဿမ ၃ သန်းအထိ ကုန်သွယ်မှုပြုနိုင်ခဲ့ကြောင်း ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(RSCCI)မှ သိရသည်။
■ စစ်တွေမြို့အနီးအနောက်မြောက်ဖက်ရှိ မြန်မာရေပိုင်နက်တွင် မွတ်ဆလင် ၂၂၈ ဦးကို တင်ဆောင်လာသည့် သစ်သားဖြင့်ပြုလုပ်ထားသည့် လှေတစ်စီးအား မြန်မာရေတပ်က ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံက ထုတ်ပြန်ခဲ့သည်။
■ သံတွဲမြို့နယ်၊ ငပလီမြို့မှ ရန်ကုန်သို့ဆေးခန်းပြရန်သွားသည့် ကိုညီပုလေး အသက် ၂၅ နှစ်နှင့် မိတ္ထိလာမြို့မှ ၎င်း၏ သူငယ်ချင်းဖြစ်သူ ကိုပြုံးမောင်မောင် အသက် ၃၃ နှစ် တို့မှာနိုဝင်ဘာ ၂၉ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း လှည်းကူးမြို့နယ်တွင် လုယက်သတ်ဖြတ်ခံခဲ့ရသည်။
■ ရခိုင်ပြည်တွင် နိုဝင်ဘာ ၂၉ ရက်အထိ အသက် ၁၈ နှစ်နှင့် အထက် ကိုဗစ် ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၅ သိန်းခွဲခန့်အထိ ရှိသွားပြီဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ ၃၀
■ တရုတ်နိုင်ငံမှ အာကာသယာဉ် Spaceflight အပိုင်းအစမှာ ရခိုင်ပင်လယ်ပြင်အတွင်းသို့ ကျရောက်မည်ဖြစ်၍ လေကြောင်း၊ ရေကြောင်းများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အသွားအလာရှောင်ရှားကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။
■ ရခိုင်ပြည် မြောက်ပိုင်းတွင် ၂ နှစ်ကြာဖြစ်ပွားခဲ့သော တိုက်ပွဲကာလအတွင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်များကြောင့် ကိုယ့်လက်အင်္ဂါဆုံးရှုံးခဲ့ရသူများအတွက် အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။
■ တိရစ္ဆာန်မွေးမြူရေးလုပ်ကိုင်သူများအတွက် အထောက်အကူပြုသည့် လျှပ်စစ်ခြံစည်းရိုးလုပ်ငန်းတစ်ခုကို ရသေ့တောင်မြို့နယ် ခနောင်းကြီးအုပ်စု၊ ကံပြင်ကျေးရွာတွင် အကောင်အထည်ဖော်လုပ်ဆောင်နေကြောင်း သိရသည်။
■ ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီပိတ်ထားခဲ့ရသည့် ဂွမြို့နယ်အတွင်းမှ အခြေခံပညာစာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခွင့်ရရှိ၍ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဖွင့်လှစ်ထားပြီဖြစ်ကြောင်း ဂွမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
■ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့်တရားစွဲခံထားရသည့် ရမ်းဗြဲမြို့နယ်၊ အလယ်ချောင်းကျေးရွာသား  ၈ ဦး အပါဝင် ရဲတပ်သားတစ်ဦးကို ရုံးထုတ် စစ်ဆေးခဲ့သည်။

ဗီဒီယိုများ