အကြမ်းဖက်မှုဖြင့် တရားစွဲဆိုထားသည့် တောင်ကုတ်စည်ပင်ကော်မတီဥက္ကဌပါ ၄ ဦးအမှုတွင် လိုပြသက်သေ သုံးဦးအား စစ်ဆေး

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)ဖြင့် တရားစွဲဆိုခံထားရသည့် တောင်ကုတ်မြို့နယ်၊ စည်ပင် သာယာရေးကော်မတီဥက္ကဌ (ဟောင်း) နှင့် ရခိုင်အမျိုးသားပါတီ (ANP) မြို့နယ်ဒုတိယဥက္ကဌ အပါအဝင် ၄ ဦးအမှုကို ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့က တောင်ကုတ်မြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့သည်။

By အောင်ထိန် 15 Dec 2020

Photo - Chitsu Moe

အောင်ထိန် | DMG
ဒီဇင်ဘာ ၁၅ ၊ တောင်ကုတ်

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)ဖြင့် တရားစွဲဆိုခံထားရသည့် တောင်ကုတ်မြို့နယ်၊ စည်ပင် သာယာရေးကော်မတီဥက္ကဌ (ဟောင်း) နှင့် ရခိုင်အမျိုးသားပါတီ (ANP) မြို့နယ်ဒုတိယဥက္ကဌ အပါအဝင် ၄ ဦးအမှုကို ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့က တောင်ကုတ်မြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့သည်။

ထိုသို့ ရုံးထုတ်ရာတွင် တရားလိုဘက်မှသက်သေများဖြစ်သည့် သံတွဲစခန်းမှူး၊ သံတွဲမြို့နယ် အမှတ် (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ကို စစ်ဆေးခဲ့ကြောင်း အမှုကိုလိုက်ပါဆောင် ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က ပြောသည်။

“သက်သေသုံးယောက်မှာ အရပ်သက်သေနှစ်ယောက်က ရှာဖွေပုံစံအပ်တဲ့ကိစ္စမှာသူတို့က အသိသက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့တယ်ဆိုတာလည်း တစ်ခုထွက်ဆိုတယ်။ နောက်ဒုရဲမှူးရဲမင်းစိုးကကျတော့ သူ့ရဲလုပ်ငန်းစဉ်အရ ဘယ်နေ့ဘယ်ရက်မှာ ရဲလုပ်ငန်းစဉ်အရ လက်ခံရရှိတယ်ဆိုတဲ့ အဆင့်လောက်ပဲ သူတို့က ထွက်ဆိုသွားခဲ့တာ။ စွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်ပြီး တခြား ထူးထူးခြားခြား ထွက်ဆိုတာမျိုး မရှိသေးဘူး” ဟု ၎င်းက ရှင်းပြသည်။

ယနေ့ရုံးတွင် အမှုကိုကြားနာစစ်ဆေးရန်အတွက် တရားလိုဘက်မှ သက်သေလေးဦးကို ဆင့်ခေါ်ထားသော်လည်း အချိန်မလုံလောက်သဖြင့် သုံးဦးကိုသာ စစ်ဆေးနိုင်ခဲ့ပြီး ကျန်သက်သေတစ်ဦးဖြစ်သည့် တောင်ကုတ်စခန်းမှူး ဒုရဲမှူးလှတင့်ကို မစစ်ဆေးနိုင်ခဲ့ကြောင်း ရှေ့နေ ဒေါ်သိင်္ဂီမောင်ကဆိုသည်။

ယင်းအမှုတွင် တရားလိုပြသက်သေ (၁၃) ဦးရှိပြီး ယခင်ရုံးချိန်းများတွင် လိုပြသက်သေ ၉ ဦးကို စစ်ဆေးခဲ့ကာ လက်ရှိတွင် စုစုပေါင်းလိုပြသက်သေ (၁၂) ဦးအထိ စစ်ဆေးနိုင်ခဲ့ပြီး နောက်ထပ် စစ်ဆေးရန်တစ်ဦးသာ ကျန်ရှိကြောင်း အမှုလိုက်ပါဆောင်ရွက်နေသူများထံမှ သိရသည်။

တရားလိုပြသက်သေများကို စစ်ဆေးရန် ရုံးချိန်းသော်လည်း လာရောက်ခြင်းမရှိသဖြင့် တစ်စုံတစ်ရာ ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ရုံးချိန်း ၉ ကြိမ်အထိ ကြာမြင့်ခဲ့ကာ ယနေ့တွင် စစ်ဆေးဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်မတို့ဖက်ကတော့ နစ်နာမှုရှိတာပေါ့။ ဒါပေမယ့် သူတို့ဘက်က ကိုဗစ်ကိုအကြောင်းပြတော့ ဘာမှမပြောနိုင်ဘူးပေါ့။ အခုလိုမျိုး အမှုကြန့်ကြာသွားတာက ကျွန်မတို့ အတွက်ကတော့ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ရတယ်ပေါ့။ ကျွန်မတို့မှာ လူမှုရေး စီးပွားရေး အစစအရာရာ အားနည်းချက်ရှိလာတယ်” ဟု တောင်ကုတ်မြို့နယ် စည်/ကော်ဥက္ကဋ္ဌ (ဟောင်း) ဦးစန်းငွေ၏ ဇနီးဖြစ်သူ ဒေါ်စန်းစန်းအေးက ပြောသည်။

တရားစွဲတင်ခံရသူများမှာ တောင်ကုတ်မြို့နယ် ANP မှ ဒု-ဥက္ကဋ္ဌ ဦးဝေသောင်း၊ စည်/ကော်ဥက္ကဋ္ဌ ဦးဇေယျကျော်နှင့် ၎င်း၏ညီဖြစ်သူ ဦးစည်သူကျော်ဇံ၊ စည်/ကော်ဥက္ကဋ္ဌ (ဟောင်း) ဦးစန်းငွေတို့ဖြစ်ကြသည်။

၎င်းတို့ ၄ ဦးမှာ မေလ ၉ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း ဖမ်းဆီးခြင်းခံခဲ့ရပြီး တောင်ကုတ်မြို့နယ်တရားရုံးမှာ ပထမအကြိမ် ချုပ်ရမန်ယူခဲ့ကာ တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်သို့ခေါ်ဆောင်သွားခဲ့ပြီး အောင်သပြေ စစ်ကြောရေးစခန်း၌ ထိန်းသိမ်းခံခဲ့ရကြောင်း စွပ်စွဲခံရသူများက ဆိုကြသည်။

ယင်းနောက် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တရားရုံး၌ ဒုတိယအကြိမ် ချုပ်ရမန်ယူခဲ့ပြီး ဇွန်လ ၂ ရက်နေ့တွင် သံတွဲမြို့သို့ ခေါ်ဆောင်လာကာ တတိယအကြိမ်ချုပ်ရမန်ကို သံတွဲမြို့နယ်တရားရုံးမှာ ချုပ်ရမန် ယူခဲ့ခြင်းဖြစ်သည်။

တောင်ကုတ်စည်ပင်ကော်မတီဥက္ကဌပါ ၄ ဦးမှာ ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်နွယ်မှု၊ ရိက္ခာထောက်ပံ့ကူညီမှု ရှိသည်ဟုဆိုကာ ဇွန် ၃၀ ရက်နေ့က တောင်ကုတ်မြို့နယ်တရားရုံး၌ စစ်တွေမြို့ သတင်းအထူးတပ်ဖွဲ့(SB)မှ ရဲမှူးဇော်မြင့်ထွန်းက တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပြောဆိုချက်ကို မိသားစုဝင်များ ငြင်းဆိုထားသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) သည် အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံးထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ဥပဒေတွင်ပြဋ္ဌာန်းထားသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မနှင့် တရားစွဲဆိုခံထားရသူ ၄ ဦးအမှုကို လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့သို့ ထပ်မံရုံးချိန်းလိုက်ကြောင်း သိရသည်။

ဗီဒီယိုများ