ရခိုင်တွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူဦးရေ ၄၀၀ ခန့်ရှိလာ

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်းမှ ယခုလစက်တင်ဘာလ ၁၅ ရက်နေ့အထိ ရခိုင်ပြည်နယ်တွင် သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ (၃၉၃)ဦးရှိပြီး သေဆုံးသူ တစ်ဦးရှိခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

By မင်းထွန်း 18 Sep 2020

မင်းထွန်း | DMG
စက်တင်ဘာ ၁၈ ၊ စစ်တွေ

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်းမှ ယခုလစက်တင်ဘာလ ၁၅ ရက်နေ့အထိ ရခိုင်ပြည်နယ်တွင် သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ (၃၉၃)ဦးရှိပြီး သေဆုံးသူတစ်ဦးရှိခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

သွေးလွန်တုပ်ကွေးရောဂါ အများဆုံးဖြစ်ပွားသည့်မြို့မှာ စစ်တွေတွင် ၉၇ ဦး ၊ပေါက်တောတွင် ၇၆ ဦး၊ ကျောက်ဖြူတွင် ၄၇ ဦး၊ တောင်ကုတ်တွင် ၃၈ ဦး၊ သံတွဲတွင် ၂၉ ဦးတို့အပါအဝင် တခြားသောမြို့နယ်များတွင် အနည်းငယ်ဖြစ်ပွားမှုရှိကြောင်း အဆိုပါ ကျန်းမာရေးဌာနမှ သိရသည်။

သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသွားသူမှာ ကျောက်ဖြူမြို့နယ်မှဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်းသည် ဆိုးရွားစွာဖြစ်ပွားနေသည့် အခြေ အနေမဟုတ်သော်လည်း ပြည်သူများအနေဖြင့် အထူးဂရုစိုက်ရန်လိုအပ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်ဇော်အောင်က ဆိုသည်။

“အခုက ကိုဗစ်ကိုပဲ အာရုံစိုက်နေရတယ်ဆိုတော့ ကလေးရှိတဲ့မိဘတွေက ခြင်မကိုက်ခံရအောင် ပိုပြီးဂရုစိုက်ဖို့ လိုတာပေါ့။ ဒီကာလက အိမ်ထဲမှာနေပါဆိုလို့ အများစုက အိမ်ထဲမှာနေကြတယ်၊ ကလေးတွေရော အပါအဝင်ပေါ့။ အဲဒီတော့ အိမ်ထဲမှာခြင်ကိုက်မှာကိုလည်း စိုးရိမ်ရတာပေါ့။ ဒီခြင်ကလည်း နေ့ခင်းမှာကိုက်တဲ့ ခြင်မျိုးဖြစ်တဲ့အတွက်ကြောင့်လေ” ဟု ၎င်းကပြောသည်။

သွေးလွန်တုပ်ကွေး ဖြစ်ပွားသူများအထဲတွင် အသက် ၂ နှစ်နှင့် ၄ နှစ်ကြား ကလေးများအပါအဝင် အသက် ၅ နှစ်နှင့် ၉ နှစ်ကြားကလေးများတွင် အဖြစ်များကြောင်း ယင်းကျန်းမာရေးဌာနမှသိရသည်။ ယင်းအပြင် သွေးလွန် တုပ်ကွေးရောဂါသည် ခြင်မှတစ်ဆင့်ဖြစ်ပွားစေပြီး လူကြီးလူငယ်မရွေး ဖြစ်ပွားတက်သည့် ကူးစက်ရောဂါ တစ်မျိုးဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၁၈၀၈)ဦးရှိခဲ့ပြီး သေဆုံးသူဦးရေ (၈) ဦးရှိခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။

ဗီဒီယိုများ