မိုးဦးအစကာလမှာပင် ရခိုင်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၉၂ ဦးထိရှိလာ

ယခုနှစ် မိုးဦးကာလအစမှာပင် ရခိုင်က မြို့နယ် ၁၇ ခုတွင် ဇွန်လ ၁၀ ရက်နေ့အထိ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၁၉၂ ဦးထိ ရှိလာနေပြီဖြစ်သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဇွန် ၁၀ ရက်တွင် စုံစမ်းသိရှိရသည်။

10 Jun 2022

DMG ၊ ဇွန် ၁၀

ယခုနှစ် မိုးဦးကာလအစမှာပင် ရခိုင်က မြို့နယ် ၁၇ ခုတွင် ဇွန်လ ၁၀ ရက်နေ့အထိ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၁၉၂ ဦးထိ ရှိလာနေပြီဖြစ်သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဇွန် ၁၀ ရက်တွင် စုံစမ်းသိရှိရသည်။

ဇန်နဝါရီလမှ မေလတတိယအပတ်ထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်သူဦးရေ ၆၁ ဦးရှိခဲ့ပြီး ဇွန်လအတွင်းမှာ ယနေ့အထိ ရောဂါဖြစ်ပွားသူ ၁၃၁ ဦးရှိကာ စုစုပေါင်း ၁၉၂ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဌာန၏ စာရင်းအရသိရသည်။

သွေးလွန်တုပ်ကွေးဖြစ်ပွားမှုအထဲမှာ မာန်အောင်မှာ ၂၀ ဦး၊ တောင်ကုတ်မှာ ၃၈ ဦး၊ မောင်တောမှာ ၂၂ ဦး၊ ရမ်းဗြဲမှာ ၃၁ ဦး၊ ကျောက်ဖြူ ရ ဦးနှင့် စစ်တွေ ၁၈ ဦးအပြင် သံတွဲမှာ ၂၁ ဦး၊ မြောက်ဦးတွင် ၁၁ ဦး၊ ကျောက်တော်တွင် ၄ ဦး ရှိပြီး တခြားမြို့နယ်တို့မှာ အသီးသီးဖြစ်ပွားလျက်ရှိသည်ဟု ဆိုသည်။

ယင်းကဲ့သို့ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်းများလာသော်လည်း လက်ရှိအချိန်ထိ သေဆုံးသူမရှိသေး ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်ဇော်အောင် ကပြောသည်။

“သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၁၉၂ ယောက်ရှိနေပြီ။ ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှာ ရှိတဲ့ ဆေးရုံကိုလာပြတဲ့စာရင်း အရပေါ့နော်။ ပြင်းပြင်းထန်ထန်ဖြစ်ပြီး သေဆုံးတာတော့ မရှိသေးဘူး။ ဇန်နဝါရီလကနေ ဧပြီလအထိတော့ အနည်းအကျဉ်းပဲဖြစ်ခဲ့တယ်။ မေလကနေ အခုချိန်ထိတော့ အများကြီးဖြစ်လာကြတယ် ” ဟု ဒေါက်တာဇော်ဇော်အောင်က ပြောသည်။

ကျောင်းနေအရွယ် ၅ နှစ်နှင့် ၉ နှစ်ကြား ကလေးငယ်များမှာ ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်ပြီး ၂ နှစ်နှင့် ၄ နှစ်ကြား ကလေးငယ်များနှင့် သက်ကြီးရွယ်အိုပိုင်းများတွင်လည်း ဖြစ်ပွားနေကြောင်း ဒေါက်တာဇော်ဇော်အောင်က ဆက်ပြောသည်။

သွေးလွန်တုပ်ကွေးဖြစ်ပွားရသည့် အကြောင်းရင်းမှာ ခြင်ကျားအုပ်စုဝင် ခြင်ပုန်းကိုက်ခံရမှုကြောင့် ဖြစ်ပွားရခြင်းဖြစ်ကာ ထိုခြင်အမျိုးအစားသည် နေအိမ်တိုင်းတွင် အသုံးပြုလေ့ရှိသည့် ရေကန်၊ ရေအိုးခွက်၊ ဘုရားပန်းအိုးနှင့် မိုးရေစက်တင်ကျန်ခဲ့သော ရေခွက်များ၌ အများဆုံးပေါက်ဖွားလေ့ရှိသည်ဟု ကျန်းမာရေးဌာနမှ သိရသည်။

လက်ရှိ မိုးဦးကာလဖြစ်သည့်အတွက် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားလေ့ရှိသဖြင့် ကလေးငယ်များအား ခြင်ကိုက်မခံရအောင်ဂရုစိုက်ကြရန်၊ ချောင်းဆိုး၊ ဖျားနာ၊ နှာစေးပါက နီးစပ်ရာဆေးခန်းများတွင် ဆေးကုသခံ ယူကြရန် ရခိုင်ပြည်နယ်စစ်ကောင်စီပြောခွင့်ရ ဦးလှသိန်းက တိုက်တွန်းပြောဆိုထားသည်။

“မိုးရာသီအစမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်တဲ့ အချိန်ဖြစ်တယ်။ ခြင်တွေပေါက်ဖွားတယ်။ အဲဒါကြောင့် ကလေးငယ်တွေ ရှိတဲ့ မိဘတွေဟာ သားသမီးတွေကို ခြင်ကိုက်မခံရအောင်၊ သတိထားဂရုစိုက်ဖို့လို အပ်ပါတယ်။ ခြင်ကိုက်မခံရအောင် ထားဆိုတဲ့အထဲမှာ ခြင်သေဆေးတွေ၊ ခြင်ဆေးခွေတွေကို အများကြီးသုံးစွဲဖို့ ပြောတာမဟုတ်ဘူး။ ခြင်သေဆေးဖြစ်တဲ့ ခြင်ဆေးခွေတွေကို အများကြီးသုံးရင်လည်း အဲဒီကလေးတွေအတွက် အဆုပ်ရောဂါဖြစ်သွားလိမ့်မယ် ” ဟု ဦးလှသိန်းက ပြောကြားသည်။   

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နိုင်ရေးအတွက် အိမ်သုံးရေကန်များ၊ ရေလှောင်စည်များတွင်ရှိသည့် လောက်လန်းသေဆေးများကို သက်ဆိုင်ရာမြို့နယ်အလိုက် ကျန်းမာရေးအဖွဲ့များမှ နှစ်စဉ် ဖေဖော်ဝါရီလ အတွင်းမှ စတင်ကာ ကျန်းမာရေး အသိပညာပေးမှုများလုပ်ဆောင်ထားကြောင်း ကျန်းမာရေးဌာနမှ သိရသည်။  

ရခိုင်ပြည်တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၉၄ ဦးရှိခဲ့ပြီး ၂၀၂၀ ခုနှစ် တစ်နှစ်လုံးတွင်လည်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၂၁ ဦးရှိခဲ့ကြောင်း ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန စာရင်းအရသိရသည်။ 

ဗီဒီယိုများ