မင်းပြားတွင် မြေမြှုပ်ထားသည့် အလောင်း (၄) လောင်းတွေ့ရှိ

“ အဲဒီအလောင်းတွေနားမှာ မြန်မာ့တပ်မတော်က အသုံးဆောင်ပစ္စည်းတွေ တွေ့တယ်။ ခန့်မှန်း ရသလောက်က တော့ တပ်မတော်သားတွေ ဖြစ်နိုင်ဖို့များတယ် ” 

14 Jun 2019

မြေမြှုပ်ထားသည့် အလောင်းများအနီးက ပြန့်ကျဲနေသည့် အသုံးအဆောင်များကို တွေ့ရစဉ်။ ဓာတ်ပုံ - ညီညီအောင်

ခိုင်ရိုးလ/ DMG

ဇွန် ၁၄၊ မင်းပြား

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သော မင်းပြားမြို့နယ်၊ စပါးထားကျေးရွာ အနီးတွင် မြေမြှုပ်ထားသည့် အလောင်း (၄)လောင်းကို ယနေ့ ဇွန်လ ၁၄ ရက်နေ့၊ နံနက်ပိုင်းတွင် တွေ့ရှိခဲ့သည်။

ဒေသခံများ၏ သတင်းပေးချက်အရ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိ၊ရပ်ဖများ သွားရောက်ကြည့်ရှုခဲ့ရာတွင် အဆိုပါအလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယင်းအလောင်းများအနီးတွင် တပ်မတော် စစ်အသုံးအဆောင်ပစ္စည်းများဖြစ်သည့် ခြင်းတောင်း၊ဦးထုပ် စသည်များကို တွေ့ရှိရသည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်သိန်းက DMG ကို ပြောသည်။

“ အဲဒီအလောင်းတွေနားမှာ မြန်မာ့တပ်မတော်က အသုံးဆောင်ပစ္စည်းတွေ တွေ့တယ်။ ခန့်မှန်း ရသလောက်က တော့ တပ်မတော်သားတွေ ဖြစ်နိုင်ဖို့များတယ် ” ဟု ၎င်းက ဆိုသည်။

အဆိုပါ အလောင်းများကို စပါးထားကျေးရွာနှင့်(၂)ဖာလုံခန့်အကွာ တောင်ကုန်းပေါ်တွင် အနံသုံးတောင်ခန့် ရှိသည့် ကျင်း(၄)ကျင်းတွင် မြေမြုပ်ထားသည်ကိုတွေ့ရှိခြင်းဖြစ်သည်။အချို့အလောင်းများများမှာ ခြေ၊ လက်များ ပေါ်နေကြောင်းနှင့် ယခု အလောင်းတွေ့ရှိသည့်နေရာတွင် တိုက်ပွဲလည်း ဖြစ်ပွားခဲ့သည်ဟု ဦးလှအောင်သိန်း က ပြောသည်။

“ ဒီနေ့ မနက်ပိုင်းမှာ စပါးထားကျေးရွာကို ကျွန်တော်ရောက်သွားတော့ အရပ်ဘက်အဖွဲ့စည်းတွေ၊ ရွာသားတွေနဲ့ သွားကြည့်တဲ့အခါ အလောင်းတွေက အနံသုံးတောင်လောက်ရှိတဲ့ ကျင်း လေးငါးကျင်းတွေ့တယ်။ အဲဒီကျင်းထဲမှာ အလောင်းတွေက လက်တွေပေါ်တယ်။ ခြေတွေပေါ်နေတယ်။ ဗိုက်တွေပေါ်နေတယ်။ တချို့အလောင်းတွေက တောင်စောင်းတွေမှာ တွေ့ခဲ့တယ် ’’ ဟု ဦးလှအောင်သိန်းက  ဆိုသည်။

ယင်း အလောင်း (၄)လောင်းအပြင် တခြားမြေမြုပ်ထားသည့် ကျင်းများကိုတွေ့ရှိရသည်။ သို့သော် ရွာသားများ အနေဖြင့် တူးဖော်မှုမရှိကြောင်းလည်း ဒေသခံများက ဆိုကြသည်။

ရွာသားများ တွေ့ရှိသည့် အလောင်းများမှာ တပ်မတော်မှဟုတ်မဟုတ်ကို သိရှိနိုင်ရန်  အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးထံ ဆက်သွယ်မေးမြန်းရာတွင် အစည်းအဝေး ပြုလုပ်နေသောကြောင့် “မအားသေး”ဟု ပြောဆိုသည်။

ဇွန်လ ၃ ရက်နေ့က မင်းပြားမြို့နယ်၊ "ဘိတ်တောင်" နှင့် "စပါးထားရွာ" အကြားတွင် တပ်မတော်နှင့် ရက္ခိုင့် တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်ခဲ့သည်။ ရွာသားများခိုလှုံနေသည့် စပါးထားကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်ကိုလည်း မြောက်ဦးမြို့နယ်၊မြောင်းဘွေဘက်မှ ပစ်သော လက်နက်ကြီးကျည်များ ကျရောက်သဖြင့် ဒေသခံ (၆) ဦးသေဆုံးကာ ဒဏ်ရာရရှိသူ အများအပြား ရှိခဲ့သည်။

ဗီဒီယိုများ