အမ်းမြို့နယ်တွင် မြန်မာစစ်တပ်က လက်နက်ကျည်ဟောင်းများ နှစ်ရက်ကြာဖောက်ခွဲမည်

အမ်းမြို့နယ်အခြေစိုက် ခမရ(၃၇၃)တွင် ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ လက်နက်ကျည်ဟောင်းများကို နှစ်ရက်ကြာဖောက်ခွဲမည်ဟု မြန်မာစစ်တပ်ဖက်က ပြောဆိုထားသည်ဟု ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

09 Feb 2022

 
DMG ၊ ဖေဖော်ဝါရီ ၉
 
အမ်းမြို့နယ်အခြေစိုက် ခမရ(၃၇၃)တွင် ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ လက်နက်ကျည်ဟောင်းများကို နှစ်ရက်ကြာဖောက်ခွဲမည်ဟု မြန်မာစစ်တပ်ဖက်က ပြောဆိုထားသည်ဟု ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံမှ သိရသည်။
 
ထိုသို့လက်နက်ကျည်ဟောင်းများကို ဖောက်ခွဲမည့်အကြောင်းကို ဇန်နဝါရီလ ၃၁ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင်ပြုလုပ်သည့်အစည်းအဝေးတွင် ဗိုလ်မှူးမျိုးမင်းသန့်က အုပ်ချုပ်ရေးမှူးများကို အသိပေးခဲ့သည်။ ယင်းရက်များအတွင်း နံနက် ၇ နာရီမှ ညနေ ၃ နာရီအထိ တစ်ရက်ကိုငါးကြိမ်ခန့်ဖောက်ခွဲမည်ဟု အသိပေးခဲ့ကြောင်း အမည်မဖော်လိုသည့် အုပ်ချုပ်ရေးမှူးတစ်ဦးကေပြောသည်။
 
“သုံးလို့မရတဲ့ယမ်းတွေကို ဖောက်ခွဲဖို့လို့ အသိပေးထားတာရှိတယ်။ ဇန်နဝါရီလကုန်အစည်းအဝေးမှာ အုပ်ချုပ်ရေးမှူးအကုန်လုံးကိုပြောထားတယ်။ စာထုတ်ပြန်ထားတာတော့မရှိဘူး။ တပ်ရင်း ၃၇၃ ရဲ့ မြောက်အရပ် ၅ မိုင်အကွာထိကိုမသွားကြဖို့တော့ ပြောထားတာရှိတယ်”ဟု ၎င်းကဆိုသည်။
 
ယနေ့နံနက်ပိုင်းမှစတင်ကာ ထိုသို့လက်နက်ကျည်ဟောင်းများကို ဖောက်ခွဲနေပြီဖြစ်ကာ အမ်းမြို့ပေါ်ရပ်ကွက်များနှင့် ရွာသာယာစသည့် ကျေးရွာများဘက်ကလည်းကြားရသည်။ သို့သော်လည်း ဒေသခံများမှာ လက်နက်ကျည်ဟောင်းများဖောက်ကွဲနေသည်ကို မသိရှိဘဲ မြန်မာစစ်တပ်ဘက်က လက်နက်ကြီးပစ်ခတ်နေသည်ဟုထင်မြင်ကာ စိုးရိမ်မှုများမြင့်တက်ခဲ့ကြသည်ဟု ဒေသခံများကပြောသည်။
 
“ပေါက်ကွဲသံတွေက တအားပြင်းထန်တဲ့အခါမှာ ပြည်သူလူထုကို အထိတ်တလန့်ဖြစ်စေတယ်။ သူတို့ဘာသာ သက်တမ်းကုန်လို့ဖြစ်ဖြစ်၊ အသုံးမလိုတော့လို့ဖြစ်ဖြစ်(ဖောက်ခွဲမယ့်အကြောင်းကို) ပြည်သူလူထုတွေ ကျယ်ကျယ်ပြန့်ပြန့်သိအောင် လုပ်ဆောင်သင့်တယ်။ ခုလို ကျယ်ကျယ်ပြန်ပြန့်မသိရဘဲနဲ့ဖောက်ခွဲရင် ပြည်သူလူထုတွေ အများကြီးအထိတ်တလန့်ဖြစ်စေတယ်”ဟု အမ်းမြို့ဒေသခံ ကိုမျိုးလွင်ကပြောသည်။
 
ထိုသို့ လက်နက်ကျည်ဟောင်းများဖောက်ခွဲမည့်အကြောင်းကို အုပ်ချုပ်ရေးမှူးများသိသော်လည်း ပြည်သူလူထုများကို အကြောင်းမကြားသဖြင့် ဒေသခံများမသိရှိကြပေ။ လတ်တလောတွင်လည်း မောင်တောဒေသတွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် ထိုသို့လက်နက်ကျည်ပေါက်ကွဲသံများကြားရသောအခါ ပိုပြီးစိုးရိမ်မှုမြင့်တက်စေသည်ဟု ၎င်းကဆက်လက်ပြောသည်။
 
“အုပ်ချုပ်ရေးပိုင်းသပ်သပ်လောက်ပဲ သိလို့မရဘူးလေ။ ခုမောင်တောဘက်မှာ တိုက်ပွဲဖြစ်နေတဲ့အချိန်နဲ့ အမ်းမှာလည်း တိုက်ပွဲဖြစ်နေတယ်ဆိုတဲ့အထင်မျိုးနဲ့ ပြည်သူလူထုကြားမှာ အများကြီးကြောက်လန့်မှုတွေဖြစ်နိုင်တယ်”ဟု ကိုမျိုးလွင်ကဆက်လက်ပြောသည်။
 
အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် စစ်ကောင်စီ၏ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါ။
 
ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တစ်ကျော့ပြန်တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၄ ရက်နေ့မှစတင်ကာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကာ လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်သည်ဟုသိရသည်။
 

ဗီဒီယိုများ