DMG သတင်းဌာနမှ သတင်းထောက်နှစ်ဦးကို ပုဒ်မနှစ်ခုဖြင့် တပ်မတော်က တရားစွဲဆိုလိုက်တဲ့အပေါ် ဒေသခံတွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ ဘာပြောကြသလဲ

ဆက်သွယ်ရေးပုဒ်မကိုတော့ စစ်တွေမြို့ အမှတ် (၂) ရဲစခန်းမှာ တိုင်ချက်ဖွင့်လှစ်ထားတာဖြစ်ပြီး အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) ကိုတော့ စစ်တွေမြို့နယ်တရားရုံးသို့ တပ်မတော်ကနေ ဦးတိုက်လျှောက်ထားတဲ့ အမှုဖြစ်ပါတယ်။ အခု မေလ ၁၁ ရက်နေ့က စစ်တွေမြို့နယ်တရားရုံးမှ မြို့နယ်တရားသူကြီးက လာရောက်ဖြေရှင်းဖို့ အဲဒီသတင်းထောက်နှစ်ဦးကို ဆင့်ခေါ်ထားပါတယ်။

16 May 2021

DMG ၊ မေ ၁၆ 

Development Media Group (DMG) သတင်းဌာနက သတင်းထောက်နှစ်ဦးကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) တို့ဖြင့် တပ်မတော်ကနေ တရားစွဲဆိုထားပါတယ်။ သူတို့နှစ်ဦးအတွက် ၆၆ (ဃ) ကိုတော့ အာမခံယူထားပြီး ၅၀၅ (က) ကတော့ အာမခံမရဘူးလို့ သိရပါတယ်။

ဆက်သွယ်ရေးပုဒ်မကိုတော့ စစ်တွေမြို့ အမှတ် (၂) ရဲစခန်းမှာ တိုင်ချက်ဖွင့်လှစ်ထားတာဖြစ်ပြီး အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) ကိုတော့ စစ်တွေမြို့နယ်တရားရုံးသို့ တပ်မတော်ကနေ ဦးတိုက်လျှောက်ထားတဲ့ အမှုဖြစ်ပါတယ်။ အခု မေလ ၁၁ ရက်နေ့က စစ်တွေမြို့နယ်တရားရုံးမှ မြို့နယ်တရားသူကြီးက လာရောက်ဖြေရှင်းဖို့ အဲဒီသတင်းထောက်နှစ်ဦးကို ဆင့်ခေါ်ထားပါတယ်။

စစ်တွေမြို့နယ်တရားရုံးက ဆင့်ခေါ်တာနဲ့ ပတ်သက်လို့ DMG ရဲ့ Operation Manager က အခုလို ရှင်းပြပါတယ်။

“ ပထမ ၆၆ (ဃ)နဲ့ စွဲတဲ့ အမှုကို ကျနော်တို့ အာမခံယူခဲ့တယ်။ အာမခံယူခဲ့တယ်ဆိုတော့ တစ်ယောက်ကို ၁၅ သိန်းကျပ်ပေါ့။ အာမခံယူပြီးတော့ တရားရင်ဆိုင်မယ်လို့ ဆုံးဖြတ်ခဲ့တယ်ပေါ့။ ရုံးကလည်းအကုန်လုံး စုပြီးဆုံးဖြတ်တာပေါ့။ ဒါပေမယ့် လက်ရှိမှာက ပြီးခဲ့တဲ့ ၁၀ ရက်နေ့ ညနေပိုင်းက အမှတ်(၂) နယ်မြေ ရဲစခန်းကနေပြီးတော့ အကြောင်းကြားလာတာရှိတယ်။  ၁၁ ရက်နေ့ နံနက် ၁၀ နာရီလောက်မှာ စစ်တွေမြို့နယ်တရားရုံးကို လာခဲ့လို့ တရားရုံးက ဆင့်ခေါ်တယ်ပေါ့။ အဲဒီနှစ်ယောက်ကို ဆိုတော့ ကျနော်တို့က အဲဒီမှာသွားပြီးတော့ တရားရုံးက ဆင့်ခေါ်တဲ့စာ ရဲစခန်းရောက်နေတယ်ဆိုလို့ ရဲစခန်းမှာသွားကြည့်တယ်။ သွားကြည့်အခါ ရဲစခန်းက အဲဒီပုံစံက ၅၀၅ (က) ကို ကျူးလွန်တဲ့အတွက် လာပြီးတိုင်ကြားထားတဲ့အတွက် တရားရုံးက ဆင့်ခေါ်တာဖြစ်တယ်။”

DMG သတင်းဌာနက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့က ဖော်ပြခဲ့တဲ့ ကျောက်တော်မြို့နယ် မာလာ(ရခိုင်) ကျေးရွာမှာ ရွာသားတွေ စစ်ဘေးရှောင်နေကြချိန် တပ်မတော်သားတွေက ကျေးရွာသားတွေ ပိုင်ဆိုင်တဲ့ စပါးတောင်း ၇၀၀ ကို ယူဆောင်သွားတဲ့အကြောင်း သတင်းဖော်ပြခဲ့ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး တပ်မတော်က အမှုဖွင့်ထားတာပါ။

DMG က အမှုဖွင့်ခံရတဲ့ သတင်းထောက်နှစ်ဦးကတော့ သတင်းထောက် နှင်းနွယ်နဲ့ ဒုတာဝန်ခံ အယ်ဒီတာ ကိုနေဝင်းစံတို့ဖြစ်ပြီး သူတို့နှစ်ဦးကို စစ်တွေမြို့ အမှတ် (၈၆၈) တပ်ထိန်းတပ်ခွဲမှ ဗိုလ်မှူးဘုန်းမြင့်ကျော်က တရားလိုပြုလုပ်ပြီး ဇန်နဝါရီလ (၂၂) ရက်နေ့က အမှုဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

တပ်မတော်ကနေ အခုလို အမှုဖွင့်လှစ်တာဟာ အောက်ခြေက ကိစ္စကို ပြည်သူတွေမသိအောင် သတင်းအမှောင်ချတာလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ရဲ့ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

“တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ကာလမှာ သတင်းယူရတဲ့၊ သတင်းဖော်ပြတဲ့ သတင်းသမားတွေရဲ့ အခက်အခဲကို ကျနော်တို့နားလည်ပါတယ်။ နောက်တစ်ခုက သတင်းကို စိစစ်လိုက်တဲ့အပိုင်းမှာလည်း အထူးသဖြင့် ဒေသခံတွေရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီးမှ ဖော်ပြတာကိုတွေ့ရှိရပါတယ်။ တွေ့တဲ့အခါမှာ ဒီသတင်းတစ်ခုက ဒေသခံတွေဆီက သတင်းတစ်ခုခုရလာလို့ သတင်းသမားတွေက ဟိုဖက်ဒီဖက် မေးမြန်းစုံစမ်းပြီးတော့ ရေးမယ်ပေါ့။ ရေးတဲ့အခါမှာ ဒီသတင်းက အများပြည်သူသိရှိသွားပြီးလို့ရှိရင် ဒီအပေါ်မှာလည်းပဲ မှန်တယ်မှားတယ်ဆိုတာက နောက်ဆက်တွဲလာမှာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ ဒီသတင်းတစ်ခုရဲ့ ဖြစ်ပေါ်မှုကိုမူတည်ပြီးမှ မှားလို့ရှိရင်လည်း ဒီသတင်းက ဘယ်လိုမှားတယ်။ မှန်လို့ရှိရင်လည်း ဒီသတင်းက ဘယ်လိုမှန်တယ်ဆိုတာကို တာဝန်ရှိသူတွေက ဖြေရှင်းရမယ့်ကိစ္စပေါ့။ အခုက အဲလို့မျိုးမဟုတ်ဘဲနဲ့ အောက်ခြေမှာ နစ်နာနေတဲ့ကိစ္စတွေကို  ပြည်သူလူထုပြောဆိုလို့မရအောင် အများပြည်သူမသိအောင် လုပ်တာဟာ သတင်းအမှောင်ချတာပဲ။ ”

ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးဖေသန်းကတော့ တပ်မတော်အနေနဲ့ ဒီလိုကြီးလဲတဲ့ ပုဒ်မတွေနဲ့ သတင်းသမားတွေကို တရားစွဲတာဟာ သတင်းလွတ်လပ်ခွင့်ပိတ်ပင်တဲ့အပြင် ခြိမ်းခြောက်ရာရောက်တယ်လို့ သူက ဆိုပါတယ်။

“အဲဒီသတင်းက နည်းနည်းကြာပြီထင်တယ်။ တပ်မတော်ကလုပ်တယ်ဆိုတာမျိုး ဒေသခံတွေကလည်းပြော တယ်။ သတင်းသမားတွေကလည်း ရေးတယ်ပေါ့။ အဲတာနဲ့ တပ်မတော်က အကြည်အညိုပျက်စေမှုနဲ့ တရားစွဲဆိုတာဖြစ်ပါတယ်။ အဲဒီတုန်းကတော့ ပြည်သူ့ကိုယ်စားလှယ်ဖက်ကတော့ ဒီသတင်းဟာ မှန်တယ်ဆိုပြီးတော့ ပြောခဲ့တာတွေရှိတယ်။ မြေမြင်မှာလည်း ချက်ချင်းအဖွဲ့တွေစုပြီး မေးလိုက်ရင်လည်းရတယ်။ သတင်းမှန်ပေမဲ့ နောက်မရေးရဲ့အောင် ဖိအားပေးတဲ့ ပုံစံမျိုးဆိုရင်တော့ တော့တော့ကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တဲ့ပုံစံမျိုးဖြစ်နေပါတယ်။ အဲဒီတုန်းကတော့ AA နဲ့လည်း တိုက်ပွဲတွေက တိုက်နေတဲ့ကာလဆိုတော့ နည်းနည်းသူတို့လုပ်ခဲ့တာတွေက စစ်ရေးနဲ့လည်း ပတ်သက်ပါတယ်။ ဆိုတော့ အခုလိုအချိန်မျိုးမှာတော့ ဒါမျိုးတွေလုပ်ခဲ့ရင်တောင် မှန်တယ်ဆိုရင်မြန်မြန်လေး သတင်းသမားတွေရဲ့ ရေးသားချက်တွေကိုမှန်တယ်ဆိုရင် လွှတ်ပေးသင့်တာပေါ့။ ဘာပဲပြောပြော မြေပြင်မှာ တကယ်အဖြစ်မှန်တွေကို သတင်းသမားတွေမှာ ဖော်ထုတ်ရမဲ့တာဝန်ရှိပါတယ်။ အဲဒီသတင်းမှန်တွေကို ဖော်ထုတ်ဖို့ မဝံ့၊ မရေးဖြစ်တာ၊ ကြောက်ရွံ့တာ တစ်ဦးဦးက ငါတို့ဖြစ်မလားဆိုပြီးတော့ သံသယဖြစ်တာ အဲဒီစိတ်မျိုးသတင်းသမားတွေဆီမှာ မဝင်သွားဖို့ နိုင်ငံတော်အနေနဲ့လည်း အားပေးသင့်တယ်။ နိုင်ငံတော်အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ တပ်မတော်အနေဖြင့်လည်း ဒါမျိုးကိုလက်နက်တစ်ခုကဲ့သို့ သတင်းသမားတွေကို နှိမ့်နင်းတဲ့ပုံစံမျိုး ပုဒ်မတွေကြီးစလေတပ်ပြီးတော့ အရေးယူနေမယ်ဆိုရင် မကောင်းဘူးလို့မြင်တယ်။ ”

DMG သတင်းဌာနကတော့ တပ်မတော်အနေနဲ့ ဒီအမှုကိုပြန်ရုပ်သိမ်းပေးဖို့၊ ဥပဒေနဲ့အညီ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ MPC ကနေတဆင့် ဦးစွာတိုင်ကြားဆောင်ရွက်ဖို့၊ လွတ်လပ်စွာ ဖော်ပြရေးသားခွင့်နဲ့ သတင်းသမားတွေရဲ့ အခွင့်အရေး၊ ရပိုင်ခွင့်တွေကို လေးစားဖို့ ဇန်နဝါရီလ ၂၅ ရက် ရက်စွဲနဲ့ ထုတ်ပြန်တောင်းဆိုထားပါတယ်။

ဒါ့အပြင် အဲဒီအမှုကိစ္စကို ညှိနှိုင်းဖြေရှင်းဖို့အတွက် လက်ရှိ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဒေါက်တာအောင်ကျော်မင်းကို လိပ်မူပြီး ကောင်စီအဖွဲ့ဝင်ဖြစ်တဲ့ နယ်/လုံဝန်ကြီးသို့ DMG ကနေ မတ်လ (၅) ရက်နေ့က စာရေးသားတောင်းဆိုခဲ့ပါတယ်။

မတ်လ (၂၄) ရက်နေ့မှာတော့ ပြည်နယ်ကောင်စီဥက္ကဌ ဒေါက်တာအောင်ကျော်မင်းက ကြားဝင်ဖြေရှင်းညှိနှိုင်းပေးမယ်ဆိုပြီး အမှုဖွင့်ခံထားရတဲ့ သတင်းထောက်နှစ်ဦးကို ခေါ်ယူကာ နားလည်မှုကတိကဝတ်တွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ သတင်းထုတ်ပြန်ရေးတာဝန်ခံ ဦးလှသိန်းကတော့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ကို ဖြေရှင်းဆောင်ရွက်ဖို့ မြန်မာစာနယ်ဇင်းကောင်စီ (MPC) သို့ အကြောင်းကြားတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) ကိုတော့ သူ့အနေဖြင့် မသိရသေးဘူးလို့ ဦးလှသိန်းက ဆိုပါတယ်။

မာလာကျေးရွာက စပါးတွေကို တပ်မတော်သားတွေ ယူဆောင်ခြင်းရှိမရှိကို မာလာရွာသားတွေကို DMG က မေးမြန်းရာမှာ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မာလာရွာသားတစ်ဦးက အခုလိုပြောပါတယ်။

“၂၀၂၀ ခုနှစ် ၁ လပိုင်း ၇ ရက်နေ့ကပေါ့။ ကျနော်တို့မာလာရွာမှာ အဲဒီနားကတောင်ပေါ်မှာနေတဲ့ စစ်သားတချို့က ထော်လာဂျီနဲ့ သုံးခေါက်ပြောင်းတယ်လို့ သိရတယ်။ ခန့်မှန်းခြေကတော့ စပါးတောင်း ၇၀၀ ရှိမယ်လို့သိရတယ်။ အဲဒီသတင်းကို ကျနော်တို့ သိရတာက တစ်ဖက်ရွာမာလာဟောင်းကျေးရွာကနေ၍ ဆန်စက်ပိုင်တစ်ဦးပြောလို့သိရတာပါ။ အဲဒီတုန်းက အဲဒီစပါးတောင်းတွေကို ဆန်စက်မှာဆန်ကြိတ်ပြီးတော့ ဆန်အိတ် ၂၀ ကိုလည်း ကုလားကိုဈေးမှာရောင်းလိုက်တယ်လို့ ကျနော်တို့သိရပါတယ်။ နောက်ပြီးတော့ ၁ လပိုင်း ၁၉ ရက်နေ့ ကျောက်တော်မြို့ကံကြီးရှင်ဘုရားမှာ ဆန္ဒထုတ်ဖော်တဲ့အခါ အဲဒီသတင်းတွေပေါက်ကြားပြီးတော့ သူတို့ကအဲဒီဆန်တွေကို မယူရဲတော့ဘူး။ အဲဒီအချိန်မှာ မာလာဟောင်းကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ကိုပေးခဲ့တယ်လို့ အဲဒီရွာသားတွေပြောလို့ ကျနော်တို့ သိရပါတယ်။ ”

ဒါ့ပေမယ့် တပ်မတော်သားတွေဟာ မာလာကျေးရွာက ရွာသားတွေပိုင်ဆိုင်တဲ့ စပါးတွေကို ယူဆောင်ခြင်းမရှိဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကို ပြောဆိုထားပါတယ်။

မာလာကျေးရွာ (ရခိုင်) ဟာ ၂၀၁၉ ခုနှစ်ကနေ ကျေးရွာအနီးတိုက်ပွဲဖြစ်နေတာကြောင့် ကျောက်တော်မြို့ပေါ်သို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။

ဒီလိုရွာသားတွေရဲ့ ဆုံးနစ်နာမှုကို ထောက်ထားပြီးတော့ သတင်းရေးသားခဲ့တာဖြစ်ပြီး တပ်မတော်ကို ဂုဏ်သိက္ခာကျဆင်းစေချင်တဲ့ သဘောနဲ့ သတင်းရေးသားခဲ့တာ မဟုတ်ကြောင်း DMG ရဲ့ အယ်ဒီတာချုပ် ဦးအောင်မင်းဦးက ပြောပါတယ်။

သတင်းတစ်ခုမှာ မြေပြင်အခြေနဲ့ပတ်သက်ပြီး အမှန်တကယ်ဖြစ်ရပ်မှန်နဲ့ လွဲမှားနေလျှင် အဲဒီသတင်းဌာနသတင်းအပေါ်တာဝန်ယူစေချင်ပြီး တိုက်ရိုက်တရားစွဲဆိုတာမျိုးမလုပ်ဘဲ သတင်းမီဒီယာဥပဒေက နေတစ်ဆင့် ဖြေရှင်းသင့်တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ကလည်း DMG သတင်းဌာနရဲ့ မောင်တောဒေသအခြေစိုက် သတင်းထောက် အောင်ကျော်မင်းကို လမ်းတံတားဦးစီးဌာနက တရားလိုပြုလုပ်ပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) နဲ့ မောင်တောမြို့မရဲစခန်းမှာ အမှုဖွင့်လှစ်ခဲ့ပါသေးတယ်။

ဒါ့အပြင် ၂၀၁၉ ခုနှစ်၊ မေလ ၁ ရက်နေ့က DMG သတင်းဌာန၏ အယ်ဒီတာချုပ်ဖြစ်တဲ့ ဦးအောင်မင်းဦးကိုလည်း သတင်းတပ်ဖွဲ့ (SB) က တရားလိုပြုလုပ်ပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၂) နဲ့ စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့်ထားဆဲဖြစ်တယ်လို့သိရပါတယ်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) သည် အမြင့်ဆုံး ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊  ဒဏ်နှစ်ရပ် စလုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ဥပဒေဖွင့်ဆိုချက်မှာ ဖော်ပြထားပါတယ်။

ဗီဒီယိုများ