ပြည်ပဆားဝင်ရောက်မှု များလာသည့်အတွက် ရခိုင်မှ ဆားလုပ်ငန်းရှင်များ အခက်တွေ့

ရခိုင်ပြည်နယ်သို့ ပြည်ပဆားဝင်ရောက်မှု များလာသည့်အတွက် ရခိုင်ပြည်နယ်မှ ဆားလုပ်ငန်းရှင်များ အရှုံးနှင့် ရင်ဆိုင်နေကြရကြောင်း ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

By မျိုးသီရိကျော် 12 Jun 2020

မျိုးသီရိကျော် | DMG
ဇွန် ၁၂ ၊ စစ်တွေ

ရခိုင်ပြည်နယ်သို့ ပြည်ပဆားဝင်ရောက်မှု များလာသည့်အတွက် ရခိုင်ပြည်နယ်မှ ဆားလုပ်ငန်းရှင်များ အရှုံးနှင့် ရင်ဆိုင်နေကြရကြောင်း ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ရခိုင်ပြည်နယ်မှ ဆားလုပ်ငန်းရှင်များမှာ နည်းပညာမရှိသည့်အတွက် ယခင်နည်းအတိုင်း လယ်ကွင်းပြင်တွင် နေလှမ်းကာ ဆားထုတ်လုပ်ကြရသောကြောင့် နိုင်ငံခြားဆားများကဲ့သို့ အရည်အသွေး မပြည့်မှီသည့်အတွက် ပြည်တွင်းထုတ် ဆားဈေးကွက်မှာနည်းပါးလာနေကြောင်း ဆားလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးသန်းဝင်းကဆိုသည်။

“ကျနော်တို့မှာ နှစ်ပေါင်း ၃၀ လောက်က ထုတ်လုပ်ခဲ့သလိုမျိုး လယ်ကွင်းပြင်မှာ နေပူ(၇)ဆင့်လောက် လှန်းပြီးတော့ လုပ်ပါတယ်။ သူများနိုင်ငံက ထွက်သလိုမျိုး အရည်အသွေးမီတဲ့ ဆားတွေကိုပဲ ထုတ်ချင်တယ်။ လူတွေ အသုံးများပြီး တောင့်တနေတာကတော့ နိုင်ငံခြားဆားလိုမျိုး။ ကျနော်တို့ ထုတ်နိုင်တာက ဆားပွင့်ကြီးတွေပေါ့။ ဒါပေမဲ့ ကျနော်တို့မှာ နိုင်ငံခြားဆားလိုမျိုး ထုတ်လုပ်ဖို့ နည်းပညာတွေမရှိဘူး”ဟု ၎င်းကဆိုသည်။

ဆားဈေးများမှာ ပြီးခဲ့သည့်ဆယ်နှစ်ခန့်မှစ၍ တဟုန်ထိုးကျဆင်းသွားပြီး တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ၂၀၁၉ ခုနှစ်တွင် တစ်ပိဿာလျှင် ငွေ သုံးရာ-နှစ်ရာကျပ်အထိ ကျဆင်းသွားခဲ့ကာ ၂၀၂၀ ခုနှစ်တွင် ဆားကြမ်းတစ်ပိဿာလျှင် (၇၀)ဆယ်ခန့်နှင့် ဆားချောတစ်ပိဿာလျှင် ၁၅၀ ခန့်သာ ပေါက်ဈေးရှိကြောင်း ဦးသန်းဝင်းကဆိုသည်။

ပြည်တွင်းဆားထုတ်လုပ်ရာတွင် ဆားကြမ်းနှင့်ဆားချောဟူ၍  နှစ်မျိုးရှိပြီး ပြည်တွင်းထုတ် ဆားချောတွင် နည်းပညာလိုအပ်ချက်အရ ရွှံ့အနည်းငယ်ပါဝင်သည့်အတွက် စားသုံးသူနည်းပါးလာပြီး ပြည်ပဆားကိုသာ သုံးစွဲမှုမြင့်လာနေကြောင်း ၎င်းကဆိုသည်။

စစ်တွေမြို့မှ အိမ်ရှင်မတစ်ဦးဖြစ်သည့်ဒေါ်မခိုင်က “ကိုယ့်ဒေသကထွက်တဲ့ဆားကို အရင်တုန်းကသုံးခဲ့ တယ်လေ။ ဒါပေမယ့် အဲဒါက ကျန်းမာရေးအတွက် မကိုက်ညီဘူး။ ထမင်းဟင်းချက်ရာမှာလည်း အခက်အခဲတွေ ဖြစ်တယ်။ မသန့်ရှင်းဘူး။ ပြည်ပကလာတာက သန့်ရှင်းတယ်။ ကျန်းမာရေးနဲ့လည်း ကိုက်ညီတယ်။ အဲဒါကြောင့် ကျမတို့ သုံးတာပါ”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ဆားတစ်ထုတ်ကို ငါးရာကျပ်ပေးကာ ဝယ်စားေနေရသည့်အတွက် မိမိတို့ရခိုင်ပြည်တွင်လည်း ပြည်ပမှလာသောဆားများကဲ့သို့ အရည်အသွေးပြည့်မီပြီး သန့်ရှင်းသောဆားများကို ထုတ်လုပ်စေချင်လိုကြောင်း ဒေါ်မခိုင်ကဆိုသည်။

ရခိုင်ပြည်နယ်အတွင်းမှ ပေါက်တောမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ရသေ့တောင် မြို့နယ်များတွင် နေလှမ်းဆားများကို အဓိက ထုတ်လုပ်ကြသည်။

ထိုဆားများကို ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ စစ်တွေတို့တွင် ရောင်းချကြောင်း ရခိုင်ပြည်နယ်ဆားလုပ်ငန်းရှင်များထံမှ သိရသည်။

လွန်ခဲ့သည့် ဆယ်နှစ်ကျော်ခန့်က ရခိုင်မှဆားများကို ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ တင်ပို့မှုများ ရှိခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အရည်သွေးမြင့် ဆားထုတ်စက်ရုံများ တည်ဆောက်လိုက်ခြင်းကြောင့် ရခိုင်မှဆားများ တင်ပို့နိုင်ခြင်း မရှိတော့ပေ။

ဗီဒီယိုများ