စစ်တွေမြို့က မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းသွေးလှူရှင်အသင်းကို အဆင့်မြင့်အရေးပေါ်လူနာတင်ယာဉ်တစ်စီးလှူဒါန်း

စစ်တွေမြို့၊ မြို့သူကြီးရပ်ကွက်မှ သေဆုံးသွားသည့် ဒေါ်စံညွန့်ခင်(ခ)ဒေါ်မချေအားရည်စူးကာ ကျန်ရစ်သူမိသားစုဝင်များက မြို့ပေါ်ရှိ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းသွေးလှူရှင်အသင်းကို အဆင့်မြင့်အရေးပေါ်လူနာတင်ယာဉ်တစ်စီးနှင့် တခြားသော ပရဟိတအဖွဲ့များကိုလည်း အလှူငွေများလှူဒါန်းခဲ့သည်။

20 Sep 2021

DMG ၊ စက်တင်ဘာ ၂၀

စစ်တွေမြို့၊ မြို့သူကြီးရပ်ကွက်မှ သေဆုံးသွားသည့် ဒေါ်စံညွန့်ခင်(ခ)ဒေါ်မချေအားရည်စူးကာ ကျန်ရစ်သူမိသားစုဝင်များက မြို့ပေါ်ရှိ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းသွေးလှူရှင်အသင်းကို အဆင့်မြင့်အရေးပေါ်လူနာတင်ယာဉ်တစ်စီးနှင့် တခြားသော ပရဟိတအဖွဲ့များကိုလည်း အလှူငွေများလှူဒါန်းခဲ့သည်။

လူနာတင်ယာဉ်တစ်စီးအပြင် စစ်တွေမြို့တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန်အတွက် ငွေကျပ်သိန်းနှစ်ဆယ်၊ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအတွက် ငွေကျပ်ဆယ်သိန်းနှင့် နာရေးကူညီမှုအသင်း(စစ်တွေ)ကို အအေးခေါင်း(၁)တစ်လုံး လှူဒါန်းခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

သေဆုံးသူ ဒေါ်စံညွန့်ခင်(ခ)ဒေါ်မချေ၏တူမဖြစ်သူ မမျိုးသန္တာနွယ်က “စစ်တွေမြို့အခြေအနေနဲ့ အထဲမှာစက်ပစ္စည်းအစုံပါတဲ့ လူနာတင်ယာဉ်တွေက နည်းနေသေးတယ်။ လူနာအရေးပေါ်ခရီးဝေးသွားမယ်ဆိုရင်လည်း လမ်းခရီးမှာ အသက်ဆုံးသွားတာမျိုးမဖြစ်ရအောင် အောက်စီဂျင်အလုံအလောက်နဲ့ အရေးပေါ်အတွက်အကောင်းဆုံးဖြစ်ဖို့ Original လူနာတင်ယာဉ်ကိုလှူခဲ့ တာဖြစ်တယ်”ဟု ပြောသည်။

လက်ရှိလှူဒါန်းခဲ့သည် လူနာတင်ယာဉ်သည် ကျပ်သိန်း ၂၀၀ ကျော်တန်ဖိုးရှိပြီး အဆိုပါလူနာတင်ယာဉ်မှ ခေါင်မိုးမြင့်ခြင်း၊ လူနာတင်သည့်ခုံကို ဘယ်ညာရွေ့၍အသုံးပြုရခြင်း၊ လူနာတင်ယာဉ် အောက်မှာလေအိတ်ပါခြင်း၊ လူနာအရေးပေါ်အခြေအနေအတွက် မီးဆလစ်ပါခြင်း၊ အရေးပေါ်အတွက်လည်းအောက်စီဂျင်ရှူ၍ရခြင်း ယင်းအပြင် သွေးခုံနှုန်း စသည့်အရေးပေါ်လူနာအတွက် လိုအပ်သည့်ဆေးကုသမှုများကိုအသုံးပြု၍ရခြင်းတို့ ပါရှိကြောင်းသိရသည်။

အဆိုပါလူနာတင်ယာဉ်သည် ခရီးဝေးသည့် အရေးပေါ်လူနာများ သယ်ယူပို့ဆောင်ရာတွက် အဆင်ပြေပြီး အရေးပေါ်လူနာများအတွက်လည်း များစွာအသုံးဝင်သည့် ကားတစ်စီးဖြစ်ကြောင်း မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း သွေးလှူရှင်အသင်း ဥက္ကဋ္ဌ ကိုလင်းလင်း ပြောသည်။

“အခုလှူတဲ့လူနာတင်ယာဉ်ဆိုရင် အရေးပေါ်အခြေအနေမျိုးမှာရော အခြား hight way သွားတဲ့နေရာတွေမှာ ဒီကားနဲ့ဆိုရင် ပိုမိုအဆင်ပြေတယ်။ လူနာတွေ သက်တောင့်သက်သာနဲ့သွားလို့ရတယ်။ ကားထဲမှာလူနာအတွက် လိုအပ်တဲ့ပစ္စည်းကိရိယာတွေအစုံပါတယ်။ သွေးနှုတ်မယ်ဆိုရင်တောင် ကားထဲမှာနှုတ်လို့ရတယ်။ လူနာတွေအတွက် အများကြီးအသုံးဝင်တယ်။ ကားလှူဒါန်းတဲ့အလှူရှင်တွေကိုလည်း အများကြီးကျေးဇူးတင်ပါတယ်”ဟု ကိုလင်းလင်းကပြောသည်။

မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း သွေးလှူရှင်အသင်းအား အဆင့်မြင့်အရေးပေါ်လူနာတင်ယာဉ်နှင့် အခြားလူမှုကူညီရေးအများကို ငွေလှူဒါန်းခြင်းအခမ်းအနားနှင့် သေဆုံးသွားသည့် ဒေါ်စံညွန့်ခင်(ခ)ဒေါ်မချေ ကွယ်လွန်သည့် (၂)လပြည့်ဆွမ်းကျွေးအလှူကို ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့ ငှက်ပျောတောဘုန်းတော်ကြီးကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။

ဗီဒီယိုများ