ဂီတဖျော်ဖြေပွဲမှရရှိသည့် ရန်ပုံငွေ ၇ သိန်းကို ကျောက်တော်နှင့် ပုဏ္ဏားကျွန်းရှိ စစ်ဘေးရှောင်များအတွက် လှူဒါန်းမည်

Women Generation အဖွဲ့မှ စစ်တွေမြို့တွင်ပြုလုပ်ခဲ့သည့် ဂီတဖျော်ဖြေပွဲမှရရှိသည့် ရန်ပုံငွေ ၇ သိန်းကို ရခိုင်ပြည်နယ် ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် လှူဒါန်းပေးမည်ဖြစ်ကြောင်း သိရသည်။

30 Dec 2021

DMG ၊ ဒီဇင်ဘာ ၃၀

Women Generation အဖွဲ့မှ စစ်တွေမြို့တွင်ပြုလုပ်ခဲ့သည့် ဂီတဖျော်ဖြေပွဲမှရရှိသည့် ရန်ပုံငွေ ၇ သိန်းကို ရခိုင်ပြည်နယ် ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် လှူဒါန်းပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဂီတဖျော်ဖြေပွဲကို ရခိုင်အဆိုတော်လူငယ်များဖြင့် ဒီဇင်ဘာလ ၂၉ ရက် ညပိုင်းတွင်ဖျော်ဖြေခဲ့ခြင်းဖြစ်ပြီး လာရောက်ကြည့်ရှုအားပေးသူများကို ပွဲဝင်ကြေးအခမဲ့ သတ်မှတ်ပေးခဲ့သည်။

ဂီတဖျော်ဖြေပွဲသို့ လာရောက်ကြည့်ရှုသူများမှ လှူဒါန်းခဲ့သည့် အလှူငွေကို စစ်ဘေးရှောင်စခန်းများတွင်လိုအပ်နေသော ပစ္စည်းများလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း Women Generation အဖွဲ့မှ ဒါရိုက်တာ မခင်မြင့်ဇော်ကပြောသည်။

“လောလောဆယ်မှာ ကျမတို့ ပုဏ္ဏားကျွန်းနဲ့ကျောက်တော်က စစ်ဘေးရှောင်စခန်းတွေမှာ လိုအပ်တဲ့အရာတွေကိုမေးမြန်းပြီးတော့ အဓိကလှူဒါန်းသွားမှာပါ’’ဟု ၎င်းကဆိုသည်။

ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများထဲမှ အလှူရှင်လာရောက်မှုနည်းပါးသည့်စခန်းများကို ရွေးချယ်ပြီး အနွေးထည်နှင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများကို ပံ့ပိုးသွားမည်ဖြစ်ကြောင်း မခင်မြင့်ဇော်ကဆက်ပြောသည်။

စစ်ဘေးရှောင်များတွင် အမျိုးသမီးနှင့် ကလေးငယ်ပါဝင်မှုမှာ ၇၀ ရာခိုင်နူန်းအထိရှိနေပြီး အမျိုးသမီးများတွင် လစဉ်သုံးပစ္စည်းများနှင့် တခြားအမျိုးသမီးအသုံးအဆောင်ပစ္စည်းများ လိုအပ်ချက်ရှိနေသည်။

“အရင်ကတော့ လာပေးတဲ့အလှူရှင်တွေရှိတယ်၊ ဒါပေမဲ့ အခုနောက်ပိုင်းက အလှူရှင်တွေနည်းသွားတော့ လစဉ်သုံးပစ္စည်းတွေ သုံးရတာလည်း အရင်လိုအဆင်မပြေတော့ဘူး”ဟု ပုဏ္ဏားကျွန်းမြို့နယ် ရေဖြူကန်စစ်ဘေးရှောင်စခန်းမှ မချေချေကပြောသည်။

ရခိုင်ပြည်နယ်တွင် မိမိနေရပ်သို့မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ ရှစ်သောင်းကျော်ရှိနေသေးကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ စာရင်းအရသိရသည်။

ဗီဒီယိုများ