အခြေခံလူတန်းစား ၅၀၀ အတွက် စစ်တွေကလုပ်ငန်းရှင်မိသားစုမှ ဆန်လှူဒါန်း

စစ်တွေမြို့နယ်ရှိ အခြေခံလူတန်းစားဦးရေ ၅၀၀ အတွက် “စွမ်းပကား" အဆင်မြင့် ဆန်စက်နှင့် ဆန်မျိုးစုံရောင်းဝယ်ရေးပွဲရုံမှ ယနေ့ သြဂုတ်လ ၁၀ ရက်နေ့တွင် လူတစ်ဦးလျှင် ဆန်တစ်တောင်းနှုန်း လှူဒါန်းခဲ့သည်။

10 Aug 2022

DMG ၊ သြဂုတ် ၁၀

စစ်တွေမြို့နယ်ရှိ အခြေခံလူတန်းစားဦးရေ ၅၀၀ အတွက် “စွမ်းပကား" အဆင်မြင့် ဆန်စက်နှင့် ဆန်မျိုးစုံရောင်းဝယ်ရေးပွဲရုံမှ ယနေ့ သြဂုတ်လ ၁၀ ရက်နေ့တွင် လူတစ်ဦးလျှင် ဆန်တစ်တောင်းနှုန်း လှူဒါန်းခဲ့သည်။

လက်ရှိတွင် ကုန်စည်ဈေးနှုန်းများနှင့် ဆန်ဈေးနှုန်းများ မြင့်တက်နေသည့်အတွက် အခြေခံလူတန်းစားများအတွက် အဆင်ပြေစေရန် စေတနာဖြင့်လှူဒါန်းရခြင်းဖြစ်ကြောင်း “စွမ်းပကား” အဆင်မြင့် ဆန်စက်နှင့် ဆန်မျိုးစုံရောင်ဝယ်ရေး ဆန်ပွဲရုံပိုင်ရှင် ဒေါ်စောအေးမေက DMG သို့ပြောသည်။

“အခုလို ဆန်ဈေးနှုန်း၊ ကုန်စည်နှုန်းတွေတက်နေတဲ့အချိန်မှာ အခြေခံလက်လုပ်လက်စားတွေအတွက် စားဝတ်နေရေးအခက်အခဲတွေရှိနေတဲ့အတွက် အခုလို စေတနာနဲ့လှူဒါန်းရတာဖြစ်ပါတယ်။ လှူတာကတော့ ဆန်အိတ်တစ်တောင်းအိတ် ၅၀၀ လှူတာဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိမှာ ဆန်ဈေးနှုန်းများမြင့်တက်နေသည့်အတွက် ယခုလို လှူဒါန်းခြင်းမှာ အခြေခံလူစားများအတွက် စားဝတ်နေရေးအဆင်ပြေပြီး အလှူရှင်များကိုကျေးဇူးတင်ကြောင်း မြောက်စံပြရပ်ကွက်မှ ဒေါ်ဖြူမေကပြောသည်။

“အခုလို ဆန်ဈေးနှုန်းတွေမြင့်တက်နေတဲ့အချိန်မှာ အခြေခံလူတန်စားတွေအတွက် လှူဒါန်းတာတော့ ကောင်းပါတယ်။ ယူရတာကတော့ လက်မှတ်နဲ့ယူရတယ်။ အခုဆိုရင် ဆန်လေးဗူးကို ၁၂၀၀ ပေးပြီးတော့ စားနေရတယ်။ ဆန်တစ်အိတ်ရရင်လည်း ဆန်တစ်အိတ်အတွက် အဆင်ပြေတာပေါ့။ အခုလို ဆန်ရတော့ ပျော်တာပေါ့။ အလှူရှင်မိသားစုတွေလည်း ဒီထက်မကလှူနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိမှာ ဆန်ဈေးနှုန်း၊ကုန်စည်နှုန်းများ မြင့်တက်နေသည့်အတွက် အခြေခံလူတန်စားများမှာ စားဝတ်နေရေးများ အခက်အခဲများဖြစ်ပေါ်နေသည်။

ဗီဒီယိုများ