မိမိတို့လိုလားချက်ကို လက်နက်ကိုင်ပြီး အကြမ်းနည်းဖြင့်တောင်းဆိုရန် လိုအပ်သလားဟု ဒေါ်အောင်ဆန်းစုကြည် မေးခွန်းထုတ်

“တိုင်းရင်းသားမိဘပြည်သူအားလုံးရဲ့ မျှော်မှန်းချက်တွေနဲ့ကိုက်ညီတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံမူတွေချမှတ်နိုင်ဖို့ နိုင်ငံရေးဆွေးနွေးပွဲတွေ ရှိလာနေပါပြီ။ ဒီလိုအချိန်မှာ ကိုယ့်ရဲ့လိုလားချက်တွေကို လက်နက်ကိုင်ပြီး အကြမ်းနည်းနဲ့တောင်းဆိုဖို့ လိုပါရဲ့လား။ အကြမ်းနည်းကြောင့် မိမိရဲ့ ဆွေမျိုးသားချင်းတွေ ထိခိုက်ခံစားနေရတာ တကယ်ပဲ လိုအပ်လို့လား” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

19 Dec 2019

ဖဒူ ထွန်းအောင် ၊ အောင်ကောင်းဇော် | DMG
ဒီဇင်ဘာ ၁၉၊ စစ်တွေ

ပြည်သူကို ကိုယ်စားပြုသည့် လွှတ်တော်၊ ပြည်သူ့ဆန္ဒကို အလေးထားသည့် ပြည်သူ့အစိုးရနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ရှိလာသည့်အချိန်တွင် မိမိတို့လိုလားချက်ကို လက်နက်ကိုင်ပြီး အကြမ်းနည်းဖြင့်တောင်းဆိုရန် လိုအပ်သလားဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်လိုက်သည်။

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ ခအုန်းမော်ကျေးရွာ၌ ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့၊ နံနက်(၉)နာရီက နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံဖွင့်အခမ်းအနားတွင် အမှာစကားပြောကြားစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထိုသို့မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။

“တိုင်းရင်းသားမိဘပြည်သူအားလုံးရဲ့ မျှော်မှန်းချက်တွေနဲ့ကိုက်ညီတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံမူတွေချမှတ်နိုင်ဖို့ နိုင်ငံရေးဆွေးနွေးပွဲတွေ ရှိလာနေပါပြီ။ ဒီလိုအချိန်မှာ ကိုယ့်ရဲ့လိုလားချက်တွေကို လက်နက်ကိုင်ပြီး အကြမ်းနည်းနဲ့တောင်းဆိုဖို့ လိုပါရဲ့လား။ အကြမ်းနည်းကြောင့် မိမိရဲ့ ဆွေမျိုးသားချင်းတွေ ထိခိုက်ခံစားနေရတာ တကယ်ပဲ လိုအပ်လို့လား” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လက်နက်မကိုင်ဘဲ မိမိလိုချင်သည့် ပန်းတိုင်ကို ဇွဲ၊ဝီရိယများဖြင့် သွားနိုင်မှ သတ္တိရှိသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“မိမိတို့ လိုလားချက်တွေကို နိုင်ငံရေးနည်းနဲ့ စေ့စပ်ဆွေးနွေးအဖြေရှာမယ်ဆိုရင် အားလုံး ထိခိုက်နာကျင်မှု အနည်းဆုံးမဖြစ်ဘူးလား ဆိုတာတွေကို သေသေချာချာစဉ်းစားဖို့လိုပါတယ် ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
နယ်မြေတည်ငြိမ်အေးချမ်းမှသာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးစီမံကိန်းများကိုလည်း အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မည်ဟု ပြောဆိုခဲ့သည်။

“တည်ငြိမ်အေးချမ်းမှုမရှိလို့ရှိရင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်နိုင်ဖို့ အလွယ်တကူ ရင်းနှီးမြှုပ်နှံမှုတွေလည်း ကြီးကြီးမားမား ရရှိမှာမဟုတ်ပါဘူး။ ရင်းနှီးမြှုပ်နှံတယ်ဆိုတာ သူတို့အတွက်အကျိုးအမြတ်ရှိမှ လာမှာပါ။ နယ်မြေမတည်ငြိမ်ဘူးဆိုရင် မလာချင်ကြပါဘူး” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မာန်အောင်မြို့သို့ မရောက်ရှိမီ နာရီပိုင်းအလိုက မြို့နှင့် (၂) မိုင်ကျော်ခန့်အကွာတွင်ရှိသော ငအင်းကျေးရွာအနီးပတ်ဝန်းကျင်တွင် မိုင်း(၃)လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ ထိုမိုင်းပေါက်ကွဲမှုများနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းနေဆဲဟု ပြောဆိုထားသည်။ ယင်းပေါက်ကွဲမှုနှင့်ပတ်သက်ပြီး မိမိတို့လက်ချက်မဟုတ်ဟုလည်း AA ဘက်ကပြောဆိုထားသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ (၁)နှစ်ခန့်ကြာမြင့်နေပြီ ဖြစ်ကာ စစ်ဘေးရှောင်ဦးရေလည်း (၁)သိန်းနီးပါးခန့်ရှိသည်။ စစ်၏ဆိုးကျိုးကြောင့် လူပေါင်း (၁၀၀)ခန့်သေဆုံးကာ ဒဏ်ရာရရှိသူ (၁၃၀)ခန့်ရှိသည်။

ဗီဒီယိုများ