ရခိုင်စစ်ရှောင်များအတွက် တပ်ကလှူဒါန်းသည့်ငွေကို ဝန်ကြီးချုပ်မရှိသေး၍ မည်သို့စီမံခန့်ခွဲမည်ကို မသိရသေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် နိုဝင်ဘာလ ၁၆ ရက်နေ့မှ ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့အထိ သံတွဲ၊ တောင်ကုတ်၊ ဂွ မြို့နယ်များသို့ ခရီးစဉ်သွားရောက်လျက်ရှိနေပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုခြင်း၊ လူထုတွေ့ဆုံပွဲများ လုပ်ဆောင်နေသည်ကို တွေ့ရသည်။

By ဝင်းညွန့် 22 Nov 2019

(ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ဝင်းညွန့် | DMG
နိုဝင်ဘာ ၂၁ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်ပြည်သူများအတွက် မြန်မာ့တပ်မတော်မှလှူဒါန်းသည့် ငွေကျပ်သိန်းပေါင်း ၅၀၀၀ ကို ပြည်နယ်ဝန်ကြီးချုပ် မရှိသေးသဖြင့် မည်ကဲ့သို့စီမံခန့်ခွဲသွားမည်ကို မသိရသေးကြောင်း ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးဝင်းမြင့်က ပြောသည်။

“ဘယ်လိုစီမံခန့်ခွဲမယ်ဆိုတာ ဝန်ကြီးချုပ်မရောက်သေးတဲ့အတွက် ကျနော်တို့လည်း မသိရသေးဘူး” ဟု ဝန်ကြီးဦးဝင်းမြင့်က ဆိုသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် နိုဝင်ဘာလ ၁၆ ရက်နေ့မှ ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့အထိ သံတွဲ၊ တောင်ကုတ်၊ ဂွ မြို့နယ်များသို့ ခရီးစဉ်သွားရောက်လျက်ရှိနေပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုခြင်း၊ လူထုတွေ့ဆုံပွဲများ လုပ်ဆောင်နေသည်ကို တွေ့ရသည်။

တပ်မတော်မှအလှူငွေများကို နိုဝင်ဘာလ ၂၀ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)မှ ဒုဗိုလ်ချုပ်ကြီး ဝင်းဘိုရှိန်နှင့် အဆင့်မြင့်စစ်အရာရှိများမှ တက်ရောက်လှူဒါန်းခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ဝန်ကြီးဦးကျော်အေးသိန်း၊ ဝန်ကြီးဦးကျော်လွင်နှင့် ဝန်ကြီးဦးဝင်းမြင့်တို့က လက်ခံခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ရခိုင်မှစစ်ဘေးရှောင်များအတွက် တပ်မတော်ကငွေကြေးလှူဒါန်းခြင်းမှာ ၎င်းတို့တွင်တာဝန်ရှိကြောင်းနှင့် စစ်ဘေးရှောင်များကို စာနာသည်ဆိုသည့်အကြောင်းကို ပြသသည့်အနေဖြင့် လှူဒါန်းခြင်းဖြစ်ကြောင်း ရခိုင်တိုင်ရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက သုံးသပ် ပြောဆိုသည်။

“ဒီကိစ္စမှာ တပ်မတော်က သူတို့မှာတာဝန်ရှိတယ်၊ သူတို့ကိုယ်တိုင်လည်း ဒီကိစ္စကို စာနာတယ်ဆိုတဲ့ အကြောင်းကို ပြသတဲ့အနေနဲ့လှူဒါန်းတာပေါ့နော်။ ကျနော်တို့ကတော့ ဒီလိုစာနာမှုကို ငွေပမာဏတစ်ခုနဲ့ ပြတဲ့အပြင် သူတို့ရဲ့အရပ်သားအပေါ်ထိခိုက်မှုကို လုပ်ဖို့အဓိကကျတယ်ပေါ့။ ဆိုလို့တာက ငွေကြေးပမာဏ ဘယ်လောက်လှူဒါန်းတယ်ဆိုတာထက် အရေးတကြီးလိုအပ်တာက အရပ်သားသေဆုံးမှုတွေကို အရေးစိုက်တယ်၊ သတိထားတယ်၊ မထိခိုက်အောင်ဆင်ခြင်တယ်ဆိုတာက ပိုပြီးအရေးကြီးတယ်” ကိုဇော်ဇော်ထွန်းက DMG ကို ပြောသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဦးရေမှာ နိုဝင်ဘာလ ၂၀ ရက်နေ့အထိစာရင်းအရ ၈၈၀၀၀ ကျော်အထိ ရှိနေပြီး ယင်းစာရင်းထက်ပိုများနိုင်ကြောင်းလည်း စစ်ဘေးရှောင်များစာရင်းကို တစ်စိုက်မတ်မတ် ကောက်ယူနေသည့် REC အဖွဲ့၏စာရင်းအရ သိရသည်။

ယခင်ကလည်း မြောက်ဦးဆရာတော်က ရခိုင်ပြည်နယ်အတွင်းစစ်ဘေးဒုက္ခသည်များအတွက် ငွေကျပ်သိန်း ၁၀၀၀ ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် လှူဒါန်းခဲ့သည်။

“ထောက်ပံ့ပေးတဲ့နေရာမှာ ဘယ်သူ့ကိုပေးလိုက်တယ် ဆိုတာမျိုးမဟုတ်ဘဲ ထောက်ပံ့တဲ့ပစ္စည်းတွေ၊ ငွေတွေ အောက်ခြေမှာရောက်တာကို ကြည့်ဖို့လိုတယ်” ဟု ကိုဇော်ဇော်ထွန်းက ဆိုသည်။

ထို့ပြင် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်ပြီး တပ်မတော်၏ပြောဆိုချက်များသည် ရခိုင်ပြည်သူလူထုအပေါ် စိုးရိမ်စိတ်ပိုမိုမြင့်တက်စေသည်ဟုလည်း ကိုဇော်ဇော်ထွန်းက ဆိုသည်။

“တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က တစ်ခါတစ်လေမှာ ဒီတစ်ရွာလုံးဟာ AA ဆိုပြီး ပြောဆိုတာရှိတယ်။ တစ်ခါတစ်လေမှာ ရွာတွေမှာ ပုံမှန်အတိုင်းဝင်စစ်တာဖြစ်လို့ အပြစ်မရှိရင် မပြေးဘဲနေလိမ့်မယ်ဆိုတာမျိုးပေါ့။ဒီလိုတစ်ရွာလုံးကို AA ဖြစ်တယ်လို့ ပြောထားတယ်ဆိုရင် ရွာတစ်ရွာကို တပ်ကဝင်လာရင် ဒေသခံတွေကစိုးရိမ်စိတ်ရှိသွားပြီ။ ဒါကြောင့် တပ်ကပြောတာတွေဟာ ပြည်သူလူထုကို စိုးရိမ်စိတ် ပိုပြီးတော့ မြင့်တက်စေတယ်။ နောက်ပြီး ဒေသခံတွေကလည်း တပ်ကဝင်လာရင် အေးဆေးအစစ်ဆေးခံဖို့ထက် စိုးရိမ်စိတ်ကပိုများပြီး ထွက်ပြေးနေကြပြီ” ဟု ၎င်းကပြောသည်။

တပ်မတော်က ဥပဒေစိုးမိုးမှုရှိစေရန် ကျေးရွာများအတွင်းဝင်ရောက်စစ်ဆေးသည်ဟု ပြောဆိုသော်လည်း အမှန်တကယ်စစ်ဆေးရာတွင် စကားအပြောအဆိုရိုင်းစိုင်းခြင်း၊ လူမျိုးရေးအမုန်းတရားကို ထည့်ပြောခြင်း၊ အချို့ကို ဒဏ်ခတ်သည့်ပုံစံဖြင့် ရိုက်နှက်ခြင်း၊ နေပူလှန်းခြင်းများဖြင့် ကြမ်းတမ်းစွာ စစ်ဆေးမှု များလည်းရှိပြီး ယင်းသို့ စစ်ဆေး၍ မဟုတ်မှန်ပါကလည်း မှားသွားသည်ဟု ဝန်ခံခြင်းများမရှိကြောင်း ကိုဇော်ဇော်ထွန်းက ပြောဆိုသည်။

ဗီဒီယိုများ