ကေအန်ယူ ထိန်းချုပ်နယ်မြေရှိ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများ ကျောင်းသုံးပစ္စည်းများလိုအပ်နေ

ကေအန်ယူ တပ်မဟာ (၆) နယ်မြေ ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ်အတွင်းရှိ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများတွင် ကျောင်းသားများ ပညာသင်ကြားနိုင်ရေးအတွက် အထောက်အကူပြု ပြုပစ္စည်းများ လိုအပ်နေကြောင်း ဒေသခံများထံက သိရသည်။

18 Jun 2022

DMG ၊ ဇွန် ၁၈

ကေအန်ယူ တပ်မဟာ (၆) နယ်မြေ ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ်အတွင်းရှိ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများတွင် ကျောင်းသားများ ပညာသင်ကြားနိုင်ရေးအတွက် အထောက်အကူပြု ပြုပစ္စည်းများ လိုအပ်နေကြောင်း ဒေသခံများထံက သိရသည်။

ကျုံဒိုးမြို့နယ်အတွင်း စာသင်ကျောင်း (၁၂၀) ကျော်ရှိသည့် အနက် ယခု၂၀၂၂ ခုနှစ် ၌ ကိုယ်ထူကိုယ်ထအဖြစ် ကျောင်းပေါင်း (၄၂) ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီး သင်ကြားနေသူ ကျောင်းသားများအတွက် ပညာရေးအထောက်အကူ ပစ္စည်း လိုအပ်ချက်များဖြစ်ပေါ်ခဲ့ကြောင်း ဖားကျကျေးရွာ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“ စာသင်ကျောင်း ၁၂၀ ကျောင်း ရှိတယ်။ အခုနှစ်ကတော့နိုင်ငံရေး အခြေအနေအရ ကိုယ်ထူကိုယ်ထနဲ့ ၄၂ ကျောင်းဖွင့်လှစ်ခဲ့ပါတယ်။ ဇွန်လဒုတိယ အပတ်ကစပြီးတော့ပေါ့။ ကျောင်းသား ကျောင်းသူ အတွက်စာ အုပ်တွေ၊ ဘောပင်တွေက အစပေါ့။ ဆရာတွေအတွက်လစာပေးဖို့ အတွက်ပါ အခက်အခဲတွေ ရှိပါတယ် ” ဟု ရပ်မိရပ်ဖ တဦးက ပြောသည်။

အဆိုပါ ကျောင်းများကို ပြီးခဲ့သည့် ဇွန်လ ၄ နေ့က စတင်ပြီး ကျောင်းအပ်နှ့ လက်ခံခဲ့ကာ ဆရာ၊ ဆရာမ ဦးရေ (၂၀) ဦး ကျော်ဖြင့် သင်ကြားရေးနေသော်လည်း လက်ရှိတွင် ဆရာ၊ ဆရာမ အင်အား မလုံလေက်သေး ဟုလည်း  ကျောင်းကော်မတီအဖွဲ့ဝင်များထံမှသိရသည်။

ကျုံးဒိုးမြို့နယ် ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများ၌ ကျောင်းသားများ ပညာသင်ကြားနေစဉ်။ (ဓာတ်ပုံ- ကေအန်ယူတပ်မဟာ(၆)ဒူးပလာခရိုင်)

“ ကျောင်းတွေက ကိုဗစ်ကာလနဲ့ အာဏာအသိမ်းခံရတဲ့ အခြေအနေမှာ ပိတ်လိုက်ရတာ (၂) နှစ်ရှိသွားပြီ။ ဒီကလေးတွေ အတွက်ပညာရေး နောက်ကျမစေချင်ဘူး။ လမ်းမှား မရောက်စေချင်တဲ့ အတွက် အခုလို ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများကို ဖွင့်လှစ်ရတာ ဖြစ်ပါတယ် ” ဟု စာသင်ကြားပေးနေသည့် ကျောင်း ဆရာမ တစ်ဦးက ဆိုသည်။

ထို့အပြင် လက်ရှိတွင် တချို့စာသင်ကျောင်းများ၌ စစ်ကောင်စီသားများမှာ ဝင်ရောက်တပ်စွဲထားမှုကြောင့် ကျောင်းသားများအတွက် ပညာသင်ကြားပေးရာတွင် အဆင်မပြေဖြစ်နေသဖြင့် နီးစပ်ရာ ဘုန်းကြီးကျောင်း၌ စာသင်ကြားပေးနေရကြောင်း လည်း ကျောင်း ကော်မတီအဖွဲ့ဝင်များ ထံမှသိရသည်။

“ ခမရ (၅၄၆) က တောင်ကြာအင်း အထက်တန်းကျောင်းကို တပ်စွဲထားတာနှစ်ပတ်ရှိပြီ။ ဇွန်လ၁၀ ရက်ကတဲ ကတပ်စွဲထားတာ။ ပြီးတော့ တပ်ပြန်ဆုတ်ပေးမယ်လို့သာပြောတယ်။ အခုထိ ဆုတ်မပေးသေးဘူး။ ကျောင်းထဲကိုလည်း ပေးမဝင်ဘူး။ လိုအပ်တဲ့ စာအုပ်တွေကို သွားယူတော့လည်း ကျောင်းအပြင်က လက်ဆင့်ကမ်းပြီး သွားယူနေရတယ်။ အခု ဘုန်းတော်ကြီးကျောင်း မှာစာသင်ပေး နေပါတယ် ” ဟု ကျောင်းကော်မတီအဖွဲ့ ဝင်တစ်ဦးကဆိုသည်။

ကျုံဒိုးမြို့နယ်တွင် (၂၀၂၂-၂၀၂၃) စာသင်နှစ်အတွက် ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများ၌ ပညာသင်ကြားနေသူ (၈၀၀) ကျော် အထိရှိနေကြောင်း ကေအန်ယူ ပညာရေး ကွန်ယက်အဖွဲ့ စာရင်းဇယားအရ သိရသည်။

ဗီဒီယိုများ