အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့မည်ဆိုပါက ဒေါက်တာအေးမောင်ကို လွှတ်ပေးသင့်ကြောင်း AFP ပါတီပြော

အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီအနေဖြင့် ၂၀၂၀ ခုနှစ် အလွန်တွင် ပြည်တွင်း ငြိမ်းချမ်းရေးကိုရည်ရွယ်ပြီး စစ်မှန်သည့် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့မည်ဆိုလျှင် ဒေါက်တာအေးမောင်ကို လွှတ်ပေးသင့်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)မှ တာဝန်ရှိသူများက ပြောသည်။

By မင်းထွန်း 27 Nov 2020

မင်းထွန်း | DMG
နိုဝင်ဘာ ၂၇ ၊ စစ်တွေ

အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီအနေဖြင့် ၂၀၂၀ ခုနှစ် အလွန်တွင် ပြည်တွင်း ငြိမ်းချမ်းရေးကိုရည်ရွယ်ပြီး စစ်မှန်သည့် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့မည်ဆိုလျှင် ဒေါက်တာအေးမောင်ကို လွှတ်ပေးသင့်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)မှ တာဝန်ရှိသူများက ပြောသည်။

“ပြည်တွင်းငြိမ်းချမ်းရေးကို ရည်ရွယ်ရင်း စစ်မှန်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရလို့ ပြောဆိုပြီး ဖွဲ့စည်းမယ်ဆိုရင် ဒေါက်တာအေးမောင်ကဲ့သို့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ကို လွှတ်ပေးမှဖြစ်မယ်လို့ ကျနော်တို့ဖက်က အမြဲတမ်းခံယူထားတယ်” ဟု AFP ပါတီပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦးက ပြောသည်။

လာမည့် ၅ နှစ်တာကာလအတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံသည့် အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့စည်းရန်အတွက် တိုင်းရင်းသားပါတီ(၄၈)ခုအား ပူးပေါင်းပါဝင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ဖိတ်ခေါ်ထားပြီး ယင်းထဲအတွင် AFP ပါတီလည်း ပါဝင်သည်။

NLD ပါတီမှဖိတ်ခေါ်သည့် အိတ်ဖွင့်ပေးစာသည် AFP ပါတီထံ တရားဝင်ရောက်ရှိပြီဖြစ်သော်လည်း ပူးပေါင်း ပါဝင်ရေးအခြေအနေနှင့်ပတ်သက်ပြီး ပြောဆို၍ မရေသေးကြောင်း၊ ပါတီခေါင်းဆောင်များနှင့် တိုင်ပင်နေကြောင်း ဦးကျော်ဇောဦးက ဆိုသည်။

AFP ပါတီခေါင်းဆောင်ဖြစ်သည့် ဒေါက်တာအေးမောင်သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက ရသေ့တောင်မြို့နယ်တွင်ပြုလုပ်ခဲ့သည့် ရခိုင့်ဘုရင်နိုင်ငံတော် အချုပ်အခြာအာဏာကျရှုံးခြင်း ဝမ်းနည်းဖွယ် အထိမ်းအမှတ်‌နေ့မှာ ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ စာပေဟောပြောပွဲတွင် ဟောပြောခဲ့ကြသည်။

ထို့သို့ ဟောပြောရာတွင် ဟောပြောချက်အချို့မှာ ဥပဒေဖြင့်ငြိစွန်းမှုရှိ၍ ၂၀၁၉ ခုနှစ် မတ်လအတွင်းက ၎င်းတို့ နှစ်ဦးကို နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ-၁၂၂ ၊ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ - ၅၀၅(ခ)တို့ဖြင့် စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ် နှစ်(၂၀) ချမှတ်ခဲ့သည်။

“မရေရာတဲ့ စွပ်စွဲချက်တွေနဲ့ ပြစ်ဒဏ်ချထားတယ်လို့ ယူဆတယ်။ စကားပြောရုံလောက်နဲ့ နိုင်ငံတော်ပုန်ကန်မှု ဖြစ်တယ်ဆိုတာ မဖြစ်သင့်ဘူး။ နောက် ဒေါက်တာအေးမောင်လို ရခိုင်နိုင်ငံရေးသမားတွေ စကားပြောဆိုရုံ လောက်နဲ့ ထောင်ကျတယ်ဆိုရင် နိုင်ငံရေးမှာဆက်သွားမယ့် လူငယ်တွေအတွက် လမ်းမမြင်တော့ဘူး” ဟု ဦးကျော်ဇောဦးက သုံးသပ်သည်။

ယင်းအပြင် ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားလျှင်လည်း ဒေါက်တာအေးမောင်အပါအဝင် တခြားဆန္ဒပြကျောင်းသားများ၊ အကြမ်းဖက်မှုဖြင့် စွပ်စွဲပြီးဖမ်းဆီးခံနေရသော အပြစ်မဲ့ ရခိုင်ပြည်သူများ အားလုံးကို လွှတ်ပေးသင့်ကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့မှာ ရန်ကုန်မြို့ရှိ အင်းစိန်ထောင်၌ အကျဉ်း ကျနေသည်မှာ တစ်နှစ်ခွဲကျော်ရှိလာပြီဖြစ်သည်။

သို့သော် ၎င်းတို့နှစ်ဦး လွတ်မြောက်ရေးမှာ ငြိမ်းချမ်းရေး ဖြစ်ထွန်းတိုးတက်မှုအပေါ်တွင် မူတည်ကြောင်း လက်ရှိ အာဏာရပါတီလည်းဖြစ်၊၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အရ ထပ်မံအစိုးရ ဖွဲ့နိုင်မည့် NLD ပါတီမှ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

“နိုင်ငံရေးအရ ဖြစ်ထွန်းတိုးတက်မှုရှိရင် ငြိမ်းချမ်းရေးဟာ အရှိန်အဟုန်နဲ့တက်လာမယ်ဆိုရင် ဒီဟာတွေကို ကြိုဆိုတဲ့အနေနဲ့ သူတို့ (ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်) လွတ်မြောက်ဖို့အခွင့်အလမ်း တွေလည်း ပိုရှိလာမယ်” ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်တွင် ၎င်းတို့နှစ်ဦးကို နိုင်ငံရေးသမားအနေဖြင့် ထိန်းသိမ်းထားသည်ဆိုသည့် သဘောမျိုးဖြင့် ပြန်ပြီးလွှတ်ပေးရန် တောင်းဆိုကြောင်း ဒေါက်တာအေးမောင်၏ ဇနီးဖြစ်သူ ဒေါ်မြမြသက်က ပြောသည်။

“လက်နက်ကိုင်တာလည်း မဟုတ်ဘူး၊ စာပေဟောပြောပွဲလေးတစ်ခုနဲ့ ဒီလို(အကျဉ်း)ချထားတာတော့ မတရား ဘူးလို့မြင်တယ်။ နိုင်ငံရေးသမားအနေနဲ့ ထိန်းသိမ်းထားတယ်ဆိုတဲ့ သဘောမျိုးနဲ့ အခုချိန်မှာ ပြန်ပြီးတော့ သူတို့တွေ (ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်) ကို လွှတ်ပေးစေချင်တယ်။ အချုပ်အခြာ အာဏာကျဆင်းတဲ့နေ့ ဟောပြောပွဲမှာ သမိုင်းကြောင်း တစ်ခုကိုပြောလို့ ဒီလိုချုပ်နှောင်ထားတယ်ဆိုတာက မဖြစ်သင့်ဘူး” ဟု ဒေါ်မြမြသက်က ဆိုသည်။

ဗီဒီယိုများ