မင်းပြားမြို့တွင် ငွေကြေးအခက်အခဲရှိသူများအတွက်ရည်ရွယ်ပြီး သာလီစွအခမဲ့ဆေးခန်းဖွင့်လှစ် ဆေးကုသပေးနေ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းနှင့် YUNNAN AID တို့ ပူးပေါင်းပြီး သာလီစွအခမဲ့ဆေးခန်းတစ်ခုကို စက်တင်ဘာ ၁၆ ရက်နေ့ကဖွင့်လှစ်ကာ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

17 Sep 2021

photo - U Kyaw Htay

DMG ၊ စက်တင်ဘာ ၁၇

ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းနှင့် YUNNAN AID တို့ ပူးပေါင်းပြီး သာလီစွအခမဲ့ဆေးခန်းတစ်ခုကို စက်တင်ဘာ ၁၆ ရက်နေ့ကဖွင့်လှစ်ကာ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အခမဲ့ဆေးခန်းကို မင်းပြားမြို့၊ ဈေးဟောင်းပိုင်း၊ ရွှေမင်းကန်ရပ်ကွက်၊ အောင်သပြေလမ်း(ကြေးနန်းရုံး)ဘေးလမ်းတွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး တစ်ပတ်လျှင် တနလာၤ၊ အင်္ဂါ၊ ကြာသပဒေးနှင့် သောကြာ (၄)ရက်အထိ နေ့လည် ၁၂ နာရီမှ ညနေ (၄)နာရီအထိဖွင့်လှစ်ပြီး ဆေးကုသပေးနေကြောင်း တာဝန်ရှိသူများကပြောသည်။

သာလီစွအခမဲ့ဆေးခန်းတွင် သူနာပြုများအပါအဝင် ကျန်းမာရေးမှူး ၂ ဦးမှတာဝန်ယူပြီး အထွေထွေရောဂါများကို အဓိကထား ဆေးကုသပေးနေခြင်းဖြစ်သည်ဟု ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းမှ မင်းပြားတာဝန်ခံ ဒေါ်မာမာကျော်ဇောကပြောသည်။

“ကျမတို့အနေနဲ့ မရှိဆင်းရဲသားတွေကို တစ်ကြိမ်တစ်ခါ သွားရောက်ပြီးကူညီပေးတာထက် မြို့နယ်တိုင်းမှာ အခမဲ့ဆေးခန်းကို ဖွင့်လှစ်ပေးရင် အနီးကပ်ပြုစုစောင့်ရှောက်ရာရောက်တယ်ဆိုပြီးတော့ ဖွင့်လှစ်ရတာပါ။ ဒီမှာက သွေးတိုးနဲ့ ဆီးချိုရောအဖြစ်များကြတယ်။ သူတို့တွေဆိုရင် အသက်ရှင်နေသမျှ ဆေးအမြဲ တမ်း သောက်နေရတာဖြစ်တယ်။ အဲဒီလိုသောက်ဖို့အတွက် ငွေကြေး တတ်နိုင်လူတွေရှိသလို မတတ်နိုင်တဲ့သူတွေလည်းရှိတယ်။ အဲဒါကြောင့် သူတို့အတွက် တစ်သက်တာဆေးကို ကျမတို့ဆေးခန်းက တာဝန်ယူထားပါတယ်။ ကျမတို့ဆေးခန်းက Operation ကိစ္စ မလုပ်ရတဲ့လူတွေမှန်သမျှကို အတတ်နိုင်ဆုံး ကုသပေးသွားမှာပါ“ ဟု ၎င်းကဆိုသည်။

photo - U Kyaw Htay

ယင်းအပြင် စနေ၊ တနင်္ဂနွေနေ့များတွင်လည်း နီးစပ်ရာကျေးရွာများ၊ ဝေးလံခေါင်းပါးပြီး ဆေးကုသရန်အခက်အခဲဖြစ်နေသည့် နေရာများနှင့် စစ်ဘေးရှောင်စခန်းများကိုသွားရောက်ပြီး ဆေးကုသပေးသွားမည်ဖြစ်ကြောင်းလည်း ဒေါ်မာမာကျော်ဇောက ပြောသည်။

ယခုကဲ့သို့ ဆေးခန်းဖွင့်လှစ်ပြီး အခမဲ့ဆေးကုပေးနေခြင်းမှာ မရှိဆင်းရဲသားများနှင့် ဆေးမကုသနိုင်သည့် လူများအတွက် အကျိုးရှိသည်ဟု မင်းပြားဒေသခံ ဦးအောင်ကျော်ကပြောသည်။

“ဆေးခန်းပြမယ်ဆိုရင် အနည်းဆုံးတစ်သောင်းလောက် ကုန်ကျကြတယ်။ အဲဒီလောက်ကိုတောင် မတတ်နိုင်တဲ့သူတွေ ရှိကြတယ်။ ဆိုတော့ အဲဒီလိုမျိုးကုန်ကျပြီး ဆေးဆိုင်တွေက သွားပြီး ဝယ်သောက်နေရတာထက်စာရင်တော့ အခုလိုမျိုး ကျန်းမာရေးမှူးတွေက လမ်းညွှန်ပြတဲ့အတိုင်း သောက်တာကတော့ ပိုပြီးတော့ အကျိုးရှိတယ်။ ထိထိရောက်ရောက်နဲ့ ငွေကြေးအကုန်အကျလည်း သက်သာသွားကြတာပေါ့“ဟု ၎င်းကဆိုသည်။

ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းသည် ရခိုင်ပြည်နယ်အတွင်းက ပညာသင်ရန်ခက်ခဲနေသူများနှင့် ဆေးကုသရန် အခက်အခဲဖြစ်နေသူများကို အဓိကထားပြီး လိုအပ်သည့်နေရာများတွင် အထောက်အကူဖြစ်စေရန် ကူညီပေးနေခြင်းဖြစ်သည်။

ဗီဒီယိုများ