မြေပုံမြို့နယ်မှ ဆရာဝန်တစ်ဦး ဖမ်းဆီးခံရမှု သုံးရက်ကြာသည်အထိ တစ်စုံတစ်ရာမသိရသေး

ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ င/ပသုန်တိုက်နယ်ဆေးရုံမှ အသက် (၃၇)အရွယ် ဒေါက်တာ ဝင်းနိုင်စိုးကို စစ်ကောင်စီမှ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် လက်ရှိအချိန်ထိ ပြန်မလွှတ်လာသေး‌ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။

29 Sep 2022

င/ပသုန်တိုက်နယ်ဆေးရုံတွင် တာဝန်ကျနေသည့် ဒေါက်တာ ဝင်းနိုင်စိုးကိုတွေ့ရစဉ်။

DMG ၊ စက်တင်ဘာ ၂၉

ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ င/ပသုန်တိုက်နယ်ဆေးရုံမှ အသက် (၃၇)အရွယ် ဒေါက်တာ ဝင်းနိုင်စိုးကို စစ်ကောင်စီမှ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် လက်ရှိအချိန်ထိ ပြန်မလွှတ်လာသေး‌ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။

ဒေါက်တာ ဝင်းနိုင်စိုးသည် စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်က စစ်တွေမြို့ရှိ ပြည်နယ်ကျန်းမာရေးဌာနတွင် တာဝန်ရှိသူများနှင့် စကားပြောနေချိန်တွင် ၎င်းအား အရပ်ဝတ်နှင့်လူသုံးဦးမှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု အဆိုပါဆရာဝန်နှင့် နီးစပ်သူတစ်ဦးက DMG ကိုပြောသည်။

“၅ နာရီခွဲလောက်မှာ အရပ်ဝတ်နဲ့လူသုံးယောက်က အိမ်စီးကားနဲ့ လာပြီးခေါ်သွားတာပါ။ သူ့ကို ဘယ်နားမှာ ထိန်းသိမ်းထားလည်းဆိုတာ မသိရသေးပါဘူး။ ကျနော်သိချင်လို့ အဆက်အသွယ်ရှာနေတာ အဆက်အသွယ်လည်း မရဘူး။ သူနဲ့ အဆက်အသွယ်မရတာ သုံးရက်လောက်ရှိပြီ”ဟု ၎င်းကပြောသည်။

စက်တင်ဘာလ ၂၅ ရက်နေ့က မြေပုံမြို့နယ် င/ပသုန်တိုက်နယ်ဆေးရုံတွင် အသုံးပြုရန်အတွက် စစ်တွေမြို့မှ ဆေးဝါးပစ္စည်းများ သယ်ဆောင်လာသည့်စက်လှေကို ပေါက်တောမြို့နယ် တောင်းဖူးကျေးရွာအနီးရှိ စစ်ကောင်စီရေတပ်မှ တားမြစ်ပြီး ဆေးဝါးပစ္စည်းများပါသည်ဟုဆိုကာ ဘုတ်နှင့် ဘုတ်ပိုင်ရှင်အား စစ်တွေသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ဘုတ်ပိုင်ရှင်မှာ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပြန်လွတ်လာခဲ့သည်။

ဆေးဝါးပစ္စည်းများ ထိန်းသိမ်းခံရခြင်းနှင့် စက်လှေပိုင်ရှင်ဖမ်းဆီးခံရခြင်းကိစ္စအား ဖြေရှင်းရန်အတွက် င/ပသုန်တိုက်နယ်ဆရာဝန် ဒေါက်တာ ဝင်းနိုင်စိုးသည် စစ်တွေမြို့သို့သွားရာတွင် ယင်းသို့ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်ဟု င/ပသုန်ကျေးရွာ အတွင်းရေးမှူး ဦးဝင်းသန်းကပြောသည်။

“သူ့ဆေးတွေက အဲဒီစက်လှေနဲ့ပါသွားတော့ ဆရာဝန်က တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ဆေးပိုင်ရှင်မရှိရင် စက်လှေပိုင်ရှင် အပြစ်ကျမှာစိုးရိမ်လို့ စက်လှေမှာပါတဲ့ဆေးတွေက သူကိုယ်တိုင်မှာထားတာဆိုပြီး တိုက်ရိုက်ဝင်ရှင်းမယ်လို့ပြောတယ်။ တပည့်တစ်ယောက်နဲ့သွားတဲ့အခါ စစ်တွေမှာ အဖမ်းခံရတာပါ။ အခုထိ ပြန်မလွှတ်လာသေးဘူး”ဟု ၎င်းကပြောသည်။

လက်ရှိတွင် ဒေါက်တာ ဝင်းနိုင်စိုးနှင့် အဆက်အသွယ်မရသေးသလို မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရှိရသေးသည့်အတွက် စိုးရိမ်မှုများရှိနေသည်ဟု ဖမ်းဆီးခံထားရသည့် ဆရာဝန်၏ မိသားစုဝင်တစ်ဦးကပြောသည်။

“ကျနော်တို့ သူတို့ခေါ်သွားတယ်ဆိုတာ တစ်ခုပဲသိရတယ်။ ဘယ်က ခေါ်သွားမှန်းလည်း မသိဘူး။ သူနဲ့လည်း အဆက်အသွယ်မရဘူး။ အမှန်တရားတော့ သိချင်တယ်။ သူ့ကိုဖမ်းဆီးသွားတာလား။ စစ်ဆေးဖို့အတွက် ခေါ်ထားတာလား အတိအကျလည်း တစ်ခုမှမသိရတော့ စိုးရိမ်တယ်။ ကျနော်တို့ အတိအကျတစ်ခုမှ မသိရသေးဘူး”ဟု ၎င်းကပြောသည်။

ယင်းအပြင် ဖမ်းဆီးခံထားရသည့် ဒေါက်တာ ဝင်းနိုင်စိုးသည် ဒေသခံများ အဓိကအားထားရသည့် ဆရာဝန်တစ်ဦးဖြစ်သည့်အတွက် အမြန်ဆုံးပြန်လွှတ်လာမည်ကိုသာ မျှော်လင့်နေကြကြောင်း င/ပသုန်ကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။

“ကျနော်တို့ င/ပသုန်ရွာသားတွေနဲ့ င/ပသုန်တိုက်နယ်တစ်ခုလုံးက ဒေသခံတွေက ဆရာဝန်ပြန်လွှတ်လာမှာကို မျှော်လင့်နေကြပါတယ်။ သူက ဒီတိုက်နယ်မှာ ဆေးဝါးကိစ္စနဲ့ပတ်သက်ပြီး အားကိုးအားထားရတဲ့ ဆရာဝန်တစ်ယောက်ဖြစ်တယ်။ ဆင်းရဲသူဆင်းရဲသားတွေအပေါ်မှာ ငဲ့ညှာသနားတတ်တယ်။ စေတနာထားပြီး ဆေးကုသပေးနေတဲ့ ဆရာဝန်ဖြစ်တဲ့အတွက် သူဒုက္ခမရောက်ဖို့ ဆုတောင်းနေကြပါတယ်”ဟု သူကဆိုသည်။

ဒေါက်တာ ဝင်းနိုင်စိုး တာဝန်ထမ်းဆောင်နေသည့် င/ပသုန်ကျေးရွာသည် အိမ်ခြေ (၁၁၀၀)ကျော်နှင့် လူဦးရေ (၆၀၀၀)ကျော်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး င/ပသုန်တိုက်နယ်ဆေးရုံအား အနီးအနားရှိကျေးရွာ ၁၃ ရွာမှ မှီခိုအားထားနေခြင်းလည်း ဖြစ်သည်။

ယခုဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး ပြည်နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်ကို ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပေ။

ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်နေ့ကလည်း တောင်ကုတ်မြို့ မှ ဒေါက်တာ ကျော်သူရထွန်းကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကာ နှစ်ပတ်ကျော်ကြာစစ်ဆေးခံခဲ့ရပြီးနောက် မတရားအသင်းဆက်သွယ်မှုပုဒ်မ- ၁၇(၁)(၂)တို့ဖြင့် စက်တင်ဘာလ (၂၃)ရက်နေ့က အမှုဖွင့်ခံခဲ့ရသည်။

ဗီဒီယိုများ