ထောင်ချခံထားရသည့် ဒေါက်တာအေးမောင်ကို ပြန်လွှတ်ပေးရန် ရခိုင့်ဦးဆောင်ပါတီတောင်းဆို

"ဦးဝှေ့တင်း ကိစ္စကို NLD က သူတို့ရဲ့သဘောထားကိုထုတ်ပြန်တယ်။ လွှတ်တော်ကိုတင်တယ်။ အဲဒါတွေဟာ ပြည်သူ့ကိုယ်စားလှယ် တစ်ဦးဖြစ်တာကြောင့်ဆိုပြီးတော့ တင်တယ်။ ထုတ်ပြန်တယ်။ ဒေါက်တာအေးမောင်ဟာ ကျနော်တို့မှာလည်း ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ကလည်း...

By ကျော်ချစ် 20 Nov 2019

ကျော်ချစ် | DMG
နိုဝင်ဘာ ၂၀ ၊ စစ်တွေ

ထောင်ဒဏ် နှစ် (၂၀) ချမှတ်ခံထားရသည့် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် ဒေါက်တာအေးမောင်၏ဦးဆောင်မှုနှင့် တည်ထောင်ထားသည့် ရခိုင့်ဦးဆောင်ပါတီ(AFP)က ယနေ့နိုဝင်ဘာလ ၂၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်တောင်းဆိုထားသည်။

“ချင်းလူမျိုးလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို AA က ဖမ်းတဲ့ကိစ္စနဲ့ပတ်သက်လို့ NLD ပါတီက သဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန်တယ်။ သူတို့က လွှတ်တော်အထိတင်တယ်။ ကျနော်တို့ကလည်း ဒေါက်တာ အေးမောင်ဟာ ရခိုင်လူမျိုးရဲ့ခေါင်းဆောင်လည်းဖြစ်တယ်။ သူကိုဖမ်းတုန်းကဆို ပါတီဥက္ကဋ္ဌလည်းဖြစ်တယ်။ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တယ်။ ဒီအတွက် ကျနော်တို့ဆိုရင် ပိုပြီးတော့ တောင်းဆိုသင့်တယ်လို့ မြင်လာတယ်။ NLD ကတောင် ထုတ်တယ်ဆိုရင် ကျနော်တို့ရခိုင်ပါတီကလည်း ဒါကိုထုတ်ရမယ်၊ ရခိုင့်ဦးဆောင်ပါတီက မထုတ်လို့မရဘူးဆိုတဲ့ အမြင်မျိုးမြင်လာလို့ ဒီလိုထုတ်ခြင်းဖြစ်ပါတယ်” ဟု AFP ပါတီ၏ ဒု-ဥက္ကဋ္ဌ တာဝန်ယူထားသည့် ဦးကျော်လွင်က ပြောသည်။

ဒေါက်တာအေးမောင်အား စာပေဟောပြောပွဲတွင် ဟောပြောခဲ့ရုံမျှဖြင့် ကြီးလေးသောပြစ်ဒဏ်ချမှတ်ထားခြင်းသည် တရားမျှတမှုမရှိသော ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်သည်ဟု ရှုမြင်ကြောင်း AFP ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ရသေ့တောင်မြို့တွင်ပြုလုပ်ခဲ့သည့် ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အာဏာကျရှုံးခြင်း ဝမ်းနည်းဖွယ်အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဟောပြောခဲ့မှုကြောင့် ဒေါက်တာအေးမောင် နှင့် စာရေးဆရာ ဝေဟင်အောင်ကို နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မတို့ဖြင့် စစ်တွေခရိုင်တရားရုံးက မတ်လ (၁၉)ရက်နေ့တွင် ထောင်ဒဏ်နှစ်(၂၀)ချမှတ်ရန် အမိန့်ချမှတ်ခဲ့သည်။

ထို့ကြောင့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင် တို့နှစ်ဦးမှာ အင်းစိန်ထောင်တွင် အကျဉ်းကျခံနေကြရသည်။

ဒေါက်တာအေးမောင်ဖမ်းဆီးခံရစဉ် လွှတ်တော်အတွင်း တင်ပြတောင်းဆိုမှုများမရှိခဲ့ဘဲ ဦးဝှေ့တင်းဖမ်းဆီးခံရမှုတွင် လွှတ်တော်မှ တောင်းဆိုမှုများပြုလုပ်ခဲ့သည့်အပေါ် ရခိုင်ပြည်သူများက ဝေဖန်ပြောဆိုမှုများရှိခဲ့သည်။

“ဦးဝှေ့တင်းနဲ့ ဒေါက်တာအေးမောင်နဲ့က နည်းနည်းကွာနေတယ်။ ဦးဝှေ့တင်းကိုဖမ်းတာက AA တပ်တော်ကဖမ်းတာ။ ပြောရမယ်ဆိုရင် AA တပ်တော်ကို တရားဝင်အဖွဲ့အစည်း မဟုတ်ဘူးလို့ နိုင်ငံတော်ကကြေငြာထားတဲ့ အဖွဲ့အစည်းမျိုးဖြစ်တယ်။ ဆိုတော့ ဒေါက်တာအေးမောင်ကိုဖမ်းတာက နိုင်ငံတော်အစိုးရက ပုဒ်မတပ်ပြီး ဖမ်းတာ။ ကျနော်တို့က ဒေါက်တာအေးမောင်အတွက်လည်း အနှောက်အယှက် မဖြစ်စေချင်ဘူး။ ပါတီဆိုတာမျိုးကလည်း ၂၀၀၈ အောက်ကသွားနေတာဖြစ်တယ်။ လွှတ်တော်ဆိုတာကလည်း ဒီဖွဲ့စည်းပုံအရဖြစ်ပေါ်နေတဲ့ လွှတ်တော်သာဖြစ်တယ်” ဟု ဦးကျော်လွင်က ဆိုသည်။

ဆက်လက်ပြီး “နိုင်ငံတော်က တရားဥပဒေအရအရေးယူထားတာကို ပြည်နယ်လွှတ်တော်ကဖြစ်စေ၊ ပြည်ထောင်စုလွှတ်တော်ကဖြစ်စေ လွှတ်ပေးပါလို့ပြောဖို့အတွက် ခက်ခဲတယ်။ ဒါကြောင့် အမှုတစ်ခုလုံးကို ပြီးပြတ်အောင်ဆိုပြီးတော့ စောင့်နေတာ။ ဒေါက်တာအေးမောင်ကို ထောင်ချတယ်၊ အယူခံမှုကမပြတ်သေးတော့ ကျနော်တို့က အဲဒါတွေကိုစောင့်နေတာ။ သို့သော် ဒီနေ့အချိန်မှာက ဦးဝှေ့တင်း ကိစ္စကို NLD က သူတို့ရဲ့သဘောထားကိုထုတ်ပြန်တယ်။ လွှတ်တော်ကိုတင်တယ်။ အဲဒါတွေဟာ ပြည်သူ့ကိုယ်စားလှယ် တစ်ဦးဖြစ်တာကြောင့်ဆိုပြီးတော့ တင်တယ်။ ထုတ်ပြန်တယ်။ ဒေါက်တာအေးမောင်ဟာ ကျနော်တို့မှာလည်း ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ကလည်း ထုတ်သင့်တယ်လို့မြင်လို့ ထုတ်လိုက်တာ” ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူကို ဖမ်းဆီးထိန်းသိမ်းထားခြင်းအားဖြင့် မိသားစုများအပါအဝင် ရခိုင်ပြည်သူများမှာလည်း ဒေါက်တာအေးမောင်၏ ကျန်းမာရေးနှင့် အသက်အန္တရာယ်ကို အထူးပင် စိုးရိမ်ပူပန်ကြောင်း AFP ပါတီက ထုတ်ပြန်ထားသည်။

ဒေါက်တာအေးမောင်ကို ဖမ်ဆီးထားခြင်းဖြင့် အမျိုးသားရင့်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှုများကို အနှောင့်အယှက်ဖြစ်စေသည့်အပြင် ယုံကြည်မှုပျက်ပြားစေပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုပါ ထိခိုက်စေကြောင်း၊ ယခုအခါ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဖိအားပေးမှုများ ပြင်းထန်နေချိန်တွင် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ ဒေါက်တာအေးမောင်ကို ပါဝင်ဆောင်ရွက်ခွင့်ပေးခြင်းအားဖြင့် အတိုင်းအတာတစ်ခုအထိ အထောက်အပံ့ဖြစ်စေလိမ့်မည်ဟု ယုံကြည်ကြောင်း ပါတီ၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ဒေါက်တာအေးမောင်ရဲ့အမှုကို တရားစီရင်တဲ့အပိုင်းမှာ လွှဲမှားနေတယ်ဆိုတာကို ရခိုင်ကပညာရှင်တွေတောင်မက ဗမာပြည်ကပညာရှင်တွေလည်း ထောက်ပြတယ်။ ဒီအချိန်မှာဆို ပိုပြီးတော့ မလုပ်သင့်ဘူးလို့ ပြောတဲ့သူတွေအများကြီးရှိတယ်” ဟု ဦးကျော်လွင်က ဆိုသည်။

“AA တပ်တော်နဲ့ မြန်မာတပ်မတော်နဲ့ လက်ရှိတိုက်နေ၊ ခိုက်နေတာတွေရှိတယ်။ ရခိုင်လူမျိုးနဲ့ ဗမာလူမျိုးတွေရဲ့ သဘောထားကွဲလွဲမှုတွေ Facebook လူမှုကွန်ယက်ပေါ်မှာ အများကြီးတက်လာတယ်။ ဒီလို တစ်ယောက်နဲ့တစ်ယောက် သံသယဖြစ်နေကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ရန်ငြိုးထားတဲ့ပုံစံမျိုးတွေ ဖြစ်တာနေတာမျိုးမှာ ကျနော်တို့ ရင်ကြားပြန်စေ့ဖို့အရေးကြီးတယ်။ ဒေါက်တာအေးမောင်လိုလူကို လွှတ်သင့်တယ်ဆိုတဲ့ ပြောဆိုချက်တွေကိုလည်း ဗမာလူမျိုးတွေ ကိုယ်တိုင်က ပြောနေကြတယ်။ ဒေါက်တာအေးမောင်ကို ဖမ်းထားတဲ့အတွက် လက်ရှိအခြေအနေကို ပိုပြီးဆိုးသွားတယ်လို့ ကျနော်တို့ကမြင်တယ်” ဟု ၎င်းကဆိုသည်။

ဒေါက်တာအေးမောင်အား ထောင်ဒဏ်နှစ်(၂၀)ချမှတ်ခံရမှုအပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ အယူခံအဆင့်ဆင့်တက်ခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။ ထို့ကြောင့် စုံညီခုံရုံးဖြင့် စစ်ဆေးရန်အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အထူးအယူခံတင်သွင်းထားသည်။

“ကျနော့်အမြင်အရ ဒေါက်တာအေးမောင်ကို ဖမ်းတုန်းကလည်း တရားဥပဒေအရလွှဲနေတယ်။ ဘာလို့လဲဆိုတော့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က စာပေဟောပြောပွဲကြောင့် နိုင်ငံတော်ပုန်ကန်မှုမြှောက်တယ်ဆိုတာ ဘယ်လိုစဉ်းစားစဉ်းစား မြှောက်စရာအကြောင်းမရှိဘူး။ စာပေဟောပြောလို့ နိုင်ငံတော် ပုန်ကန်မှုမြောက်တယ်ဆိုရင် နောင်မှာစာပေဟောပြောမှုတွေ အများကြီးကျဆင်းသွားမယ်” ဟု ဦးကျော်လွင်က ပြောသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို စာပေဟောပြောပွဲအတွင်း ဟောပြောချက်များနှင့်ပတ်သက်ပြီး ဖမ်းဆီးပြီးနောက်ပိုင်းတွင် ရခိုင်ပြည်နယ်အတွင်း စာပေဟောပြောပွဲများမှာ သိသိသာသာလျော့နည်းသွားခဲ့ပြီး စာပေဟောပြောပွဲများ ပျောက်ကွယ်သွားမည်ကို စာပေအသိုင်းအဝိုင်းက စိုးရိမ်မှုများရှိနေကြသည်။

Related Post : NLD လွှတ်တော်အမတ်အား ပြန်လွှတ်ပေးရန် ဖမ်းဆီးထိန်းသိမ်းထားသူများကို ပါတီဗဟို တိုက်တွန်း

ဗီဒီယိုများ