မအီမြို့တွင် NLD ကိုယ်စားလှယ်လောင်း အောင်နိုင်ရေးဆိုင်းဘုတ် ဖျက်ဆီးခံရ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် မအီမြို့ဈေးကြီးအနီးတွင် ထောင်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ(NLD)မှ လွှတ်တော်ကိုယ်စားလှယ်လောင်း အောင်နိုင်ရေး ဗီနိုင်းဆိုင်းဘုတ်တစ်ခု ဖျက်ဆီးခံရကြောင်း သိရသည်။

By မင်းထွန်း 12 Sep 2020

phto crd : Chit Chaw Facebook

မင်းထွန်း | DMG
စက်တင်ဘာ ၁၂ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် မအီမြို့ဈေးကြီးအနီးတွင် ထောင်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ(NLD)မှ လွှတ်တော်ကိုယ်စားလှယ်လောင်း အောင်နိုင်ရေး ဗီနိုင်းဆိုင်းဘုတ်တစ်ခု ဖျက်ဆီးခံရကြောင်း သိရသည်။

ဖျက်ဆီးခံရသည့် အောင်နိုင်ရေးဆိုင်းဘုတ်တွင် NLD ပါတီမှ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ နာယက ဦးတင်ဦး၊ တောင်ကုတ်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း၊ ပြည်နယ်လွှတ်တော်အမှတ်(၁)တွင်ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တို့၏ ဓာတ်ပုံများပါဝင်သည်။

ယခုကဲ့သို့ ပါတီအောင်နိုင်ရေးဆိုင်းဘုတ်ကို ဖျက်ဆီးသွားခြင်းသည် ဥပဒေကိုချိုးဖောက်ခြင်းဖြစ်သည်ဟု တောင်ကုတ်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်နီနီမေမြင့်က ပြောသည်။

“ကျမတို့ကတော့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနဲ့အညီ လုပ်ထားတာပေါ့နော်။ ဒါပေမယ့် ဒီလိုမျိုးလုပ်သွားတာဟာ ဥပဒေကို ချိုးဖောက်တာပေါ့လေ။ ဥပေဒကိုချိုးဖောက်ပြီး လုပ်သွားတာဆိုတော့ စိတ်တော့မကောင်းဘူး။ ဘယ်ပါတီမဆို ဥပေဒနဲ့အညီ လုပ်ပိုင်ခွင့်ရှိတယ်။ ဒါပေမယ့် ကျမတို့ပါတီကိုမှ ဒီလိုမျိုးလုပ်သွားတဲ့အပေါ်မှာတော့ စိတ်တော့မကောင်းဘူ။ ဒါပေမယ့် ကျမတို့အနေနဲ့ ပြန်ကပ်မှာပေါ့၊ ဒါပဲရှိတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ NLD ပါတီဆိုင်းဘုတ်ကို မည်သူဖျက်ဆီးသွားသည်ကို လက်ရှိအချိန်ထိမသိရှိသေးကြောင်းနှင့် ထိုသို့ ဖျက်ဆီးခံရမှုနှင့်ပတ်သက်ပြီး ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားကြောင်း ဒေါ်နီနီမြင့်က ဆက်ပြောသည်။

အဆိုပါတောင်ကုတ်မြို့နယ်တွင် NLD ပါတီမှ ကိုယ်စားလှယ်လောင်းများ မဲဆန္ဒနယ်နေရာစုံတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး NLD ပါတီ၏ ပြိုင်ဘက်ပါတီများဖြစ်သည့် ရခိုင်အမျိုးသားပါတီ(ANP)နှင့် ကြံ့ခိုင်ရေး ပါတီတို့မှ ကိုယ်စားလှယ်လောင်းများသည်လည်း အဆိုပါမဲဆန္ဒနယ် နေရာစုံတွင် ဝင်ရောက်ပြိုင်သွားကြမည် ဖြစ်သည်။

ဗီဒီယိုများ