တက္ကသိုလ်ဝင်တန်း ပြင်ပဖြေမည့် ကျောင်းသား/သူများ ကိုဗစ်ဆေးထိုးရာတွင် မပါမည်ကို စိုးရိမ်နေ

တက္ကသိုလ်ဝင်တန်း ပြင်ပမှဖြေဆိုမည့် ကျောင်းသား/သူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးပေးသည့်အထဲတွင် မပါမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

13 Oct 2021

DMG ၊ အောက်တိုဘာ ၁၃

တက္ကသိုလ်ဝင်တန်း ပြင်ပမှဖြေဆိုမည့် ကျောင်းသား/သူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးပေးသည့်အထဲတွင် မပါမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

စာသင်ကျောင်းများဖွင့်လှစ်ချိန် စိတ်ချစွာ ပညာသင်ကြားနိုင်ရန်အတွက် အသက် ၁၂ နှစ်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား/သူများကို ကိုဗစ်ကာကွယ်ဆေးထိုးပေးသွားမည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ ဦးဦးလှသိန်းက အောက်တိုဘာ ၈ ရက်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထိုသို့ ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေးထိုးပေးမည်ဆိုလျှင် စာသင်ကျောင်းအလိုက် ကျောင်းသား/သူစာရင်းများအား ကောက်ယူသွားမည်ဖြစ်၍ ပြင်မစာပေးပွဲဖြေဆိုမည့် ကျောင်းသား/သူများအနေဖြင့် စာရင်းကောက်ယူရာတွင် မပါမည်ကိုစိုးရိမ်ကြောင်း ရသေ့တောင်မြို့နယ် စိုးမေကျေးရွာမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပြင်ပမှနေ၍ဖြေဆိုမည့် ကျောင်းသူ မစိုးငြိမ်းအေးကပြောသည်။

“ခေတ်မှာဖြစ်လာတဲ့ရောဂါတွေကို မလိုချင်ဘူး။ ဒါကြောင့် ကာကွယ်ဆေးကို အရမ်းထိုးချင်တယ်။ ဒါပေမဲ့ ကျွန်မက ကျောင်းတွင်းမဟုတ်ဘဲ ပြင်ပဖြေမယ့်သူဆိုတော့ စာရင်းကောက်တဲ့အထဲ ပါမသွားမှာကိုစိုးရိမ်ပါတယ်”ဟု ၎င်းက DMG သို့ ပြောသည်။

ပြင်ပဖြေဆိုမည့် ကျောင်းသား/သူများမှာ ကျူရှင်ဝိုင်းများနှင့် ဘော်ဒါဆောင်များတွင်နေ၍ စာသင်ကြားရခြင်းဖြစ်သည့်အတွက် မြို့နယ်အလိုက် ကျူရှင်ဝိုင်းများနှင့် ဘော်ဒါဆောင်များမှ ပြင်ပဖြေဆိုမည့်ကျောင်းသား/သူများ တစ်ဦးချင်း၏စာရင်းအား တာဝန်ရှိသူများက ကောက်ပေးစေလိုကြောင်း မင်းပြားမြို့မှ ပြင်ပစာမေးပွဲဖြေဆိုမည့် ကျောင်းသူမနုနုဇံကပြောသည်။

“ကျွန်မတို့က ပြင်ဖြေ ဖြေမှာဆိုတော့ ကျူရှင်တို့ ဘော်ဒါဆောင်တို့မှာနေပြီး စာသင်တာပေါ့။ အဲဒီတော့ ကာကွယ်ဆေးထိုးပေးမယ့်စာရင်းကို ကောက်တဲ့အခါ စာသင်ကျောင်းက ကျောင်းသားတွေရဲ့ စာရင်းတွေပဲပါသွားမှာစိုးတယ်။ ပြင်ဖြေသမားတွေအတွက် ကျူရှင်တွေ၊ ဘော်ဒါဆောင်တွေက စာရင်းကိုကောက်ပေးမှ ပြင်ဖြေသမားတွေက ကာကွယ်ဆေးထိုးခွင့်ရမှာပေါ့။ ဒါမှ မဟုတ်လည်း ရပ်ကွက်၊ကျေးရွာအလိုက်က ကျောင်းသားတွေရဲ့ စာရင်းကို ကောက်ပေးရမှာပေါ့”ဟု ၎င်းကပြောသည်။

တစ်ဘက်တွင်လည်း “အသက်(၁၂)ပြည့်ပြီး အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းသားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးရာတွင် တက္ကသိုလ်ဝင်တန်း(အပြင်ဖြေ)ကျောင်းသား/သူများအား ဆေးထိုးပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ စာရင်းကောက်ယူပြီး မိမိတို့ဖြေဆိုမည့်ကျောင်းတွင် စာရင်းပေးသွင်းနိုင်ရေး ဆောင်ရွက်သွားရန်”ညွှန်ကြားစာကို ပြည်နယ်စစ်ကောင်စီပြောခွင့်ရ ဦးလှသိန်းက ယမန်နေ့ အောက်တိုဘာ ၁၁ ရက်နေ့တွင် ၎င်း၏လူမှုကွန်ရက်စာမျက်နှာ၌ ဖော်ပြခဲ့သည်။

ထို့အပြင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယခုအချိန်မှစပြီး လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားနိုင်ရေးအတွက် တာဝန်ရှိသူများကညှိနှိုင်းပြီး ကြိုတင်ဆောင်ရွက်ထားရန်ကိုလည်း ၎င်း၏လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

ကိုဗစ်ကာကွယ်ဆေးထိုးပေးပြီးမှ အခြေခံပညာစာသင်ကျောင်းများအား ပြန်ဖွင့်ပေးနိုင်ခြေရှိသည်ဖြစ်၍ ပြင်ပဖြေဆိုမည့် ကျောင်းသား/သူများအားလုံး၏စာရင်းကိုကောက်ယူကာ မချန်မလှပ်ပဲ ကာကွယ်ဆေးထိုးပေးစေလိုကြောင်း စစ်တွေမြို့မှ ကျောင်းသူ မခင်စန္ဒာကလည်း ပြောသည်။

မကြာမီ ကျောင်းသူ၊ကျောင်းသားများကို ကိုဗစ်ကာကွယ်ဆေးထိုးပေးရန်ရှိပြီး ရခိုင်ပြည်နယ်မှ ကျောင်းသူ၊ ကျောင်းသား ၂ သိန်းကျော်ပါဝင်မည်ဟု ပညာရေးဌာနမှပြောဆိုထားသော်လည်း ယင်းအထဲတွင် တက္ကသိုလ်ဝင်တန်း ပြင်ပမှဖြေမည့်သူများ ပါ၊ မပါကို မသိရသေးပေ။

အခြေခံပညာစာသင်ကျောင်းများကို ကိုဗစ်ကူးစက်ပြန့်ပွားမှုကြောင့် ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့မှစတင်ကာ ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်ကလည်း မြန်မာနိုင်ငံအတွင်း ကိုဗစ်ကူးစက်မှုကြောင့် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများကို တစ်နှစ်ပတ်လုံး ပိတ်ထားခဲ့ရသည်။

ဗီဒီယိုများ