စစ်တွေတွင် အမှိုက်စည်းကမ်းတကျစွန့်ပစ်ရန် သတိပေးထားသည့် ဆိုင်းဘုတ်များ ဖျက်ဆီးခံရ

ရခိုင်ပြည်မြို့တော်ဖြစ်သော စစ်တွေတွင် အမှိုက်များကို စနစ်တကျထုပ်ပိုးပြီး ညနေငါးနာရီမှသာ စွန့်ပစ်ကြရန် သတိပေးဆိုင်းပုဒ်များ စိုက်ထူခဲ့သော်လည်း လိုက်နာမှုမရှိသည့်အပြင် ဆိုင်းဘုတ်အချို့ပါ ဖျက်ဆီးခံခဲ့ရကြောင်း စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူဆီမှသိရသည်။

09 Jul 2022

DMG ၊ ဇူလိုင် ၁၀

ရခိုင်ပြည်မြို့တော်ဖြစ်သော စစ်တွေတွင် အမှိုက်များကို စနစ်တကျထုပ်ပိုးပြီး ညနေငါးနာရီမှသာ စွန့်ပစ်ကြရန် သတိပေးဆိုင်းပုဒ်များ စိုက်ထူခဲ့သော်လည်း လိုက်နာမှုမရှိသည့်အပြင် ဆိုင်းဘုတ်အချို့ပါ ဖျက်ဆီးခံခဲ့ရကြောင်း စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူဆီမှသိရသည်။

အမှိုက်ပုံ/အမှိုက်ကျင်းလေးခုရှိ သတိပေးဆိုင်းပုဒ်များမှာ ဆုတ်ဖြဲဖျက်ဆီးခဲရခြင်းများအပြင် စိုက်ထူထားသည့် သံတိုင်များကိုပါ နှုတ်ယူသွားခြင်းမျိုးလည်းရှိခဲ့ကြောင်း အဆိုပါတာဝန်ရှိသူကဆိုသည်။

“ဒီဟာတွေကို ပြန်ရောင်းလို့ ဘယ်ရောက်မှ ရတာမဟုတ်တာဗျာ။ ဒါပေမယ့် ဒီဆိုင်းပုဒ်သံတိုင်တွေကိုပါ ချွတ်ယူသွားကြတယ်။ အချို့ကတော့ ဆိုင်းပုဒ်တွေကိုပါဖြဲသွားကြတယ် ” ဟု အမည်မဖော်လိုသည့် စည်ပင် တာဝန်ရှိသူကပြောသည်။

စစ်တွေမြို့တွင်အမှိုက်များကို ညနေငါးနာရီမှ ကိုးနာရီအတွင်းတွင်သာ စနစ်တကျထုပ်ပိုးပြီး စွန့်ပစ်ကြရန်နှင့် လက်ရှိအမှိုက်ကျင်းများတွင် ခြံထွက်အမှိုက်များနှင့် စီးပွားရေးလုပ်ငန်းသုံးအမှိုက်များကို လုံးဝ မစွန့်ပစ်ရန်၊ အကယ်၍ စွန့်ပစ်လိုပါက မှန်စီ အမှိုက်ကျင်းသို့ သွားရောက်ကာ မိမိအစီစဉ်ဖြင့်ဖြစ်စေ စည်ပင်သာယာရေး အဖွဲ့နှင့် ဆက်သွယ်၍ဖြစ်စေ စွန့်ပစ်ကြရန် ဇွန်လ ၁၀ရက်နေ့က သတိပေးဆိုင်းပုဒ်များ စိုက်ထူခဲ့ခြင်းဖြစ်သည်။

သို့သော် ပြည်သူအချို့မှာ လိုက်နာမှုအားနည်းနေသေးသည့်အပြင် ခြံထွက်အမှိုက်များကိုလည်း စွန့်ပစ်မှုများ ရှိနေသေးကြောင်း အဆိုပါ တာဝန်ရှိသူကဆိုသည်။

“စစ်တွေမြို့မှာ တစ်ရက်ကို အမှိုက်တန်ချိန် ၈၀ လောက်အထိထွက်တယ်။ ကျွန်တော်တို့ဘက်ကလည်း အမှိုက်သိမ်းကားတွေနဲ့ သိမ်းနေတာပါပဲ။ ဒါပေမယ့် ခြံထွက်အမှိုက်တွေပါ ပါနေတော့ အမှိုက်ပမာဏက အများကြီးဖြစ်နေတယ် ” ဟု အဆိုပါတာဝန်ရှိသူကဆိုသည်။

စည်ပင်သာယာရေးအဖွဲ့ဘက်မှ အမှိုက်နှင့်ပတ်သက်၍ သိမ်းဆည်းရာတွင် အားနည်းချက်များ ရှိသကဲ့သို့ ပြည်သူအချို့အနေဖြင့်လည်း အမှိုက်ကို စနစ်ကျစွန့်ပစ်ရာတွင် အားနည်းမှုများရှိနေကြောင်း စစ်တွေမြို့ဒေသခံ ဦးမိုးကျော်က ထောက်ပြပြောဆိုသည်။

“အားနည်းချက်က နှစ်ဖက်စလုံးမှာရှိတယ်။ ပြည်သူတချို့ကလည်း အမှိုက်ကိုပစ်ရင် အမှိုက်ပုံးထဲကိုတောင် ရောက်အောင် မပစ်တာမျိုးတွေရှိတယ်။ အမှိုက်ပုံနားကိုရောက်တာနဲ့ အမှိုက်ထုပ်ကို ဒီအတိုင်း လွှင့်ပစ်တာမျိုးပေါ့ ” ဟု သူက ထောက်ပြပြောဆိုသည်။

ထို့အပြင် ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးမတည်မငြိမ်မှုများကြောင့် အချိုကသော ပြည်သူများမှာ အမှိုက်ပုံမှ ထွက်ရှိသည့် ရောင်းချစရာပစ္စည်းများကို ရှာဖွေကာ အသက်မွေးဝမ်းကြောင်းပြုနေကြရပြီး ထိုသို့ ရှာဖွေခြင်းများကြောင့်လည်း အမှိုက်ပုံများမှာ ပုံမှန်ထက် ပိုမိုရှုပ်ပွနေရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

စည်ပင်သာယာရေးအဖွဲ့အနေဖြင့်လည်း မြေပြင်ကွင်းဆင်းကာ အမှုက်ဖွသူများကို သတိပေးမှုများ လုပ်ဆောင်နေပြီး လက်ရှိကာလမှာ သတိပေးကာလဖြစ်သည့်အတွက် အရေးယူမှုများ မရှိသေးခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

သို့သော် ထိန်းကွပ်သူမရှိသည့်အမှိုက်ပုံများကို မည်သူမဆို အချိန်အတိုင်းပစ်နိုင်နေသည့်အတွက် စည်ပင်သာယာရေးအဖွဲ့အနေနဖြင့် တိကျခိုင်မာစွာ အရေးယူမှုများလုပ်ဆောင်သင့်ကြောင်း ဒေသခံများက ထောက်ပြပြောဆိုကြသည်။

စစ်တွေမြိုကဒေသခံ ဦးတင်ငြိမ်းဦးက “ စံပြအနေနဲ့ အရေးယူမှုကို လုပ်ဖို့လိုတယ်။ ပြည်သူတွေထဲမှာ စနစ်တကျ အမှိုက်ပစ်တဲ့လူတွေရှိသလို စည်းကမ်းမဲ့ပစ်တဲ့လူတွေလည်းရှိတယ်။ ဒီတော့ စည်းကမ်းမဲ့ပစ်တဲ့သူတွေကို ထိထိရောက်ရောက်အရေးယူပြဖို့လိုတယ် ” ဟု ဆိုသည်။

စစ်တွေမြို့ရှိ လမ်းတိုင်းတွင် အမှိုက်ပုံ/အမှိုက်ကျင်းများရှိနေပြီး အမှိုက်ကျင်းများမှ ထွက်ရှိသည့် အနံ့ဆိုးများကြောင့် စစ်တွေမြို့မှာ ရွံရှာစရာမြို့တစ်ခုကဲ့သို့ ဖြစ်နေကြောင်း ဒေသခံများက ထောက်ပြပြောဆို ထားကြသည်။

ဗီဒီယိုများ