အဝေးသင်တက္ကသိုလ် ကျောင်းသားကျောင်းသူများကို နိုဝင်ဘာလ ၁ ရက်နေ့တွင် ကျောင်းအပ်လက်ခံမည်

ရခိုင်ပြည်နယ်၊ စစ်တွေတက္ကသိုလ်တွင် အဝေးသင်ကျောင်းသားကျောင်းသူများကို နိုဝင်ဘာလ ၁ ရက်နေ့မှစတင်ကာ ကျောင်းအပ်လက်ခံရန် ဗဟိုပညာရေးဦးစီးဌာနက ညွှန်ကြားထားကြောင်း သိရသည်။

29 Oct 2021

DMG ၊ အောက်တိုဘာ ၃၀

ရခိုင်ပြည်နယ်၊ စစ်တွေတက္ကသိုလ်တွင် အဝေးသင်ကျောင်းသားကျောင်းသူများကို နိုဝင်ဘာလ ၁ ရက်နေ့မှစတင်ကာ ကျောင်းအပ်လက်ခံရန် ဗဟိုပညာရေးဦးစီးဌာနက ညွှန်ကြားထားကြောင်း သိရသည်။

အဆိုပါ ကျောင်းအပ်လက်ခံမှုကို နိုဝင်ဘာ ၁ ရက်နေ့မှ ၉ ရက်နေအထိလက်ခံသွားမည်ဖြစ်ကြောင်း စစ်တွေတက္ကသိုလ်မှ သင်တန်းရေးရာဌာနမှူး ဦးကျော်နိုင်ဦးက DMG ကိုပြောသည်။

“ကျောင်းပြန်ဖွင့်မယ့်ရက်ကိုတော့ ညွှန်ကြားထားတာမရှိဘူး။ ကျောင်းအပ်လက်ခံဖို့ရက်ပဲ ညွှန်ကြားထားတာရှိတယ်”ဟု ၎င်းကဆိုသည်။

အဝေးသင်ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းအပ်မည်၊ မအပ်မည်ကိုမသိရသေးကြောင်း ရခိုင်ပြည်ကျောင်းသားသမဂ္ဂ နိုင်ငံရေးကော်မတီတာဝန်ခံ ကိုတိုးတိုးအောင်က ပြောသည်။

“ကျောင်းလက်ခံမယ်လို့တော့ ပြောသံကြားတယ်။ ကျောင်းသားတွေက ကျောင်းအပ်၊မအပ်ဖြစ်ဘူးဆိုတာ လတ်တလော မသိရသေးဘူး”ဟု ၎င်းကဆိုသည်။

ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ်နှင့် ကောလိပ်များအပါအဝင် စာသင်ကျောင်းများအားလုံးကို ၂၀၂၀ ပြည့်နှစ် အစောပိုင်းက ယာယီပိတ်ခဲ့သဖြင့် စစ်တွေတက္ကသိုလ် က ကျောင်းသား၊ ကျောင်းသူများမှာ စာမေးပွဲကို အပြီးသတ်ဖြေဆိုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ဗီဒီယိုများ