တပ်မတော်ရေယာဉ်အား တိုက်ခိုက်ရာတွင် ပါဝင်သည်ဟု စွပ်စွဲခံထားရသည့် ကျောက်ဖြူဒေသခံ ၆ ဦးအား အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ထား

တပ်မတော်ရေယာဉ်အား တိုက်ခိုက်ရာတွင် ပါဝင်ပြီး AA အဖွဲ့ဝင်များဟု စွပ်စွဲခံထားရသည့် ကျောက်ဖြူခရိုင် အတွင်းမှ ဒေသခံ ၈ ဦးအနက် ၆ ဦးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မများနှင့် အမှုဖွင့်ခံထား ရကြောင်း သတင်းရရှိသည်။

By နှင်းနွယ် 16 Nov 2020

နှင်းနွယ် | DMG
နိုဝင်ဘာ ၁၆ ၊ စစ်တွေ

တပ်မတော်ရေယာဉ်အား တိုက်ခိုက်ရာတွင် ပါဝင်ပြီး AA အဖွဲ့ဝင်များဟု စွပ်စွဲခံထားရသည့် ကျောက်ဖြူခရိုင် အတွင်းမှ ဒေသခံ ၈ ဦးအနက် ၆ ဦးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မများနှင့် အမှုဖွင့်ခံထား ရကြောင်း သတင်းရရှိသည်။

ရမ်းဗြဲမြို့နယ် တန်းဇင်းမြစ်အတွင်း သွားလာနေသည့် တပ်မတော်စစ်ရေယာဉ်များအား နှောက်ယှက်ပစ်ခတ် မှုတွင်ပါဝင်ခဲ့သော AA အဖွဲ့ဝင်များဖြစ်သည့် ကုလားပုန်းကျေးရွာသား ၅ ဦးနှင့် စနဲမြို့မှ ၃ ဦးတို့အား နေရာ အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်က နိုဝင်ဘာ ၉ ရက်တွင် ထုတ်ပြန်ထားသည်။

ထိုသို့ ဖမ်းဆီးရမိသူများအား ကျောက်ဖြူမြို့မရဲစခန်းသို့ လွှဲပြောင်းကာ တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း တပ်မတော်ထုတ်ပြန်ချက်က ဆိုသည်။

ဖမ်းဆီးခံထားရသူများမှာ ရမ်းဗြဲမြို့နယ် ကုလားပုန်းကျေးရွာမှ ကိုညီထွေး၊ ကိုအောင်ဌေးဝင်း၊ ကိုထွန်းမင်းစိုး၊ ကိုညီညီ(ခ)စွမ်းထက်ပိုင်၊ ကိုစိုးမောင်နှင့် စနဲမြို့၊ ရွှေဟင်္သာရပ်ကွက်မှ ကိုငြိမ်းတောက်၊ ကိုအောင်ထွန်းလင်း၊ ကိုထွန်းလှတို့ဖြစ်ကြောင်း သိရသည်။

၎င်းတို့ ၈ ဦးထဲမှ စနဲမြို့ဒေသခံ ၃ ဦးမှာ နိုဝင်ဘာ ၉ ရက်နေ့က ကျောက်ဖြူမြို့မရဲစခန်းသို့ လွှဲပြောင်းရောက်ရှိ လာပြီး ၎င်းတို့ထဲမှ ကိုထွန်းလှမှာ နိုဝင်ဘာ ၁၀ ရက်နေ့က ပြန်လည်လွတ်မြောက်လာကာ ကျန်နှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)တို့ဖြင့် အမှုဖွင့်လှစ်ထားကြောင်း ယင်းမြို့မရဲစခန်းမှ သိရသည်။

ပြန်လည်လွတ်မြောက်လာသူ ကိုထွန်းလှက “ရဲစခန်းကိုရောက်ပြီး နောက်တစ်ရက်ကျရင် ကျနော့်တစ်ယောက် တည်းကို လက်မှတ်ထိုးခိုင်းတယ်၊ ပြန်လွှတ်ပေးဖို့အတွက်ပေါ့။ တစ်ခြားနှစ်ယောက်ကတော့ ရဲစခန်းမှာ ကျန်ခဲ့တယ်။ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရဘူးလို့တော့ ပြောသံကြားတယ်” ဟု ပြောသည်။

ယင်းအပြင် ရမ်းဗြဲမြို့နယ်၊ ကုလားပုန်းကျေးရွာမှ ဖမ်းဆီးခံထားရသူ ၅ ဦးမှာလည်း ကျောက်ဖြူမြို့မရဲစခန်းသို့ နိုဝင်ဘာ ၁၃ ရက်နေ့က ရောက်ရှိနေပြီဖြစ်ဟု ကြားသိရကြောင်း မိသားစုဝင်များက ဆိုသည်။

ကျောက်ဖြူမြို့မရဲစခန်းသို့ နိုဝင်ဘာ ၁၄ ရက်နေ့က DMG မှ ဆက်သွယ်မေးမြန်းခဲ့ရာ ရဲစခန်းသို့ ၄ ဦးရောက်ရှိ နေကြောင်းနှင့် ၎င်းတို့အား အကြမ်းဖက်ပုဒ်မ- ၅၀(က)(ည)၊ ၅၂(က)တို့နှင့် အမှုဖွင့်ထားကြောင်း ကျောက်ဖြူ မြို့မရဲစခန်းမှ ဒုရဲမှူးကျော်ဇောက ပြောသည်။

“သူတို့လေးယောက်ကိုတော့ လက်ရှိ ကျောက်ဖြူမြို့မရဲစခန်းမှာပဲ ထိန်းသိမ်းထားတယ်။ အမှုဖွင့်တာကတော့ ရမ်းဗြဲမြို့မရဲစခန်းမှာ အမှုဖွင့်တာ။ ကုလားပုန်းရွာသား နောက်တစ်ယောက်တော့ ရဲစခန်းကိုမရောက်သေးဘူး။ သူ့ကို တပ်မတော်က စစ်ဆေးနေတုန်းပဲရှိသေးတယ်”ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ် ဇွန်လမှ နိုဝင်ဘာလ ၁၄ ရက်နေ့အထိ သံသယဖြင့်ဖမ်းဆီးခံထားရသူ စုစုပေါင်း ၁၀၄ ဦးအထိရှိနေလာပြီး ဖမ်းဆီးခံရပြီးနောက် သတင်းအစအန ပျောက်နေသူများလည်း ရှိနေသည်။

ဗီဒီယိုများ