ကိုဗစ်ကာလတွင် ရသေ့တောင်မြို့နယ်မှ စစ်ရှောင်စခန်းအချို့ စားနပ်ရိက္ခာပြတ်လပ်မှုရှိလာ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတချို့မှာ စားနပ်ရိက္ခာပြတ်လပ်မှုများကြောင့် အခက်အခဲဖြစ်ပေါ်နေရကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

29 Aug 2020

မျိုးသီရိကျော် | DMG
သြဂုတ် ၂၉ ၊ ရသေ့တောင်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတချို့မှာ စားနပ်ရိက္ခာပြတ်လပ်မှုများကြောင့် အခက်အခဲဖြစ်ပေါ်နေရကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

ရသေ့တောင်မြို့ပေါ်က ဒုက္ခသည်ဦးရေ ၂၀၀ ကျော်ရှိသည့် ဂိုဒေါင်စစ်ရှောင်စခန်းတွင် အစိုးရထံမှ အထောက်အပံ့များ မရရှိသည့်အပြင် လစဉ်ထောက်ပံ့နေသည့် နိုင်ငံတကာကြက်ခြေနီကော်မတီ(ICRC)ထံမှလည်း သြဂုတ်လအတွက် ထောက်ပံ့ရန်မရောက်သဖြင့် ဖြစ်သလိုစားသောက်နေရသည်ဟု စခန်းတာဝန်ခံ ဒေါ်ခင်ဦးရီက ပြောသည်။

“အစိုးရက ထောက်ပံ့လာရင်လည်း အခြားစခန်းတွေကျတော့ ရကြတယ်။ ကျမတို့က အစိုးရထောက်ပံ့ရိက္ခာတွေ တခါမှမရပါဘူး။ ကျမတို့မှာဝတ်လာတဲ့ ရွှေတွေ၊ငွေတွေလည်း အကုန်လုံးကုန်သွားပါပြီ၊ ဒီလို အချိန်မှာ ရောဂါကလည်းဖြစ်နေတယ်။ အလုပ်အကိုင်လည်းမရှိဘူး။ ဒီအတိုင်းဆက်သွားနေရင်တော့ ထမင်းငတ်ပြီး သေသွားလိမ့်မယ်” ဟု ၎င်းကဆိုသည်။

လက်ရှိ စားနပ်ရိက္ခာပြတ်လပ်မှုမှာ COVID-19 ဖြစ်ပွားနေသည့်အတွက် အသွားအလာကန့်သတ်မှုကြောင့် ဖြစ်နိုင်သည်ဟု ယင်းစစ်ရှောင်စခန်းမှ ဒေါ်ဂေါက်မကပြောသည်။

“လက်ရှိမှာ COVID-19 ကလည်း ကြောက်ဖို့ကောင်းနေတယ်။ အဲဒါကြောင့် မရောက်နိုင်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အမြန်ဆုံးတော့ ရောက်စေချင်ပါတယ်။ ကျမတို့မှာ စားစရာတစ်ခုမှ မရှိတော့ပါဘူး။ မီးဖိုချောင်သုံးပစ္စည်းတွေလည်း လိုပါတယ်။ ကျမတို့မှာဆိုရင် အိုးနှစ်လုံးကို လှည့်ပတ်ပြီးချက်စားနေရတာပါ။ အခြားလူတွေမှာလည်း ဒီအတိုင်းပါပဲ” ဟု ၎င်းကဆိုသည်။

အလားတူ ဒုက္ခသည်ဦးရေ တစ်ရာကျော်ရှိသည့် ပြားချောင်းစစ်ရှောင်စခန်းတွင်လည်း အစိုးရထံမှ ရိက္ခာထောက်ပံ့ပေးရန် မရောက်ရှိသည်မှာ ၃ လခန့်ကြာမြင့်နေပြီဖြစ်သည်ဟု စခန်းကော်မတီအဖွဲ့ဝင် ဦးမျိုးညွှန့်က ပြောသည်။

“လူဦးရေများတဲ့ မိသားစုတွေဆိုရင် ပိုအခက်အခဲဖြစ်တယ်။ ဒီအတိုင်းဆက်သွားလို့ ငတ်ပြတ်လာရင်တော့ အကျင့်စာရိတ္တတွေတောင် ပျက်လာနိုင်တယ်ပေါ့” ဟု ၎င်းကဆိုသည်။

COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် UN, INGO, NGO များ အနေဖြင့် စားနပ်ရိက္ခာထောက်ပံ့ခြင်းလုပ်ငန်း၊ COVID-19 ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ခြင်းလုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအနက် မဖြစ်မနေဆောင်ရွက်သင့်သည့်လုပ်ငန်း၊ ရေနှင့် မိလ္လာရေဆိုးစနစ် ဆောင်ရွက်ခြင်းလုပ်ငန်းတို့ကိုသာ ဆောင်ရွက်ခွင့်ပြုကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သြဂုတ်လ ၂၁ ရက်နေ့တွင် အသိပေးစာထုတ်ပြန်ထားသည်။

လက်ရှိ ကိုဗစ်ကပ်ရောဂါကြောင့် စစ်ဘေးရှောင်စခန်းများသို့ အဖွဲ့အစည်းများကို ဝင်ရောက်ခွင့်မပြုခြင်း၊ မိမိတို့မြို့မှ တခြားမြို့များသို့ သွားရောက်ခွင့်မရှိခြင်း၊ လမ်းခရီးအခက်အခဲများ ရှိနေသည့်အတွက် ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှောင်စခန်းများတွင် ရိက္ခာပြတ်လတ်နေခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူ ကိုဘက္ကာကပြောသည်။

“စစ်ဘေးရှောင်တွေဟာ အစကတည်းက အခက်အခဲတွေရှိနေတဲ့ကြားထဲ ဒီလိုကပ်ရောဂါတွေဖြစ်လာတော့ ပိုဆိုးပြီပေါ့။ ကျနော်တို့အနေနဲ့တော့ စစ်ဘေးရှောင်တွေရဲ့ အခက်အခဲတွေကို တတ်နိုင်သလောက် ဖြေလျော့ပေးနေပါတယ်။ တတ်နိုင်သလောက် ကူညီပေးနေပါတယ်” ဟု ဆိုသည်။

စစ်ဘေးရှောင်စခန်းမှ အလုပ်လုပ်ကိုင်နိုင်သူများကိုလည်း အစိုးရအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေးစေချင်သည်ဟုလည်း စစ်ဘေးရှောင်များက တောင်းဆိုကြသည်။

ရသေ့တောင်မြို့ပေါ်တွင် စစ်ဘေးရှောင်စခန်း (၂၀)ကျော်ရှိပြီး စစ်ဘေးရှောင်ဦးရေ ငါးသောင်းကျော်ရှိကာ စားဝတ်နေရေးနှင့် ကျန်းမာရေးအခက်အခဲများ ရှိနေကြသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ နှစ်ခန့် ကြာမြင့်လာပြီဖြစ်ကာ စစ်ဘေးရှောင်ဦးရေမှာလည်း နှစ်သိန်းခန့်အထိရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)မှ သိရသည်။

ဗီဒီယိုများ