ထားဝယ်-ထီးခီးကားလမ်းအနီး ကျေးရွာများတွင် တိုက်ပွဲဖြစ်ပွား

တနင်္သာရီတိုင်း ထားဝယ်-ထီးခီးကားလမ်းမအနီးရှိ ကျေးရွာများ၌ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံများမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

16 May 2022

Photo Credit - Internet

DMG ၊ မေ ၁၆

တနင်္သာရီတိုင်း ထားဝယ်-ထီးခီးကားလမ်းမအနီးရှိ ကျေးရွာများ၌ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံများမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထားဝယ်မြို့နယ် ကျောက်မဲတောင်ကျေးရွာအနီးတွင် မြန်မာစစ်တပ်နှင့် KNDO ပူးပေါင်းအဖွဲ့ကြား မေလ ၁၄ ရက်မှ ယနေ့(မေလ ၁၆ ရက်)အထိ တိုက်ပွဲများဖြစ်ပွားနေပြီး ဆက်သွယ်ရေးလိုင်းများဖြစ်သည့် အမ်ပီတီ၊ အော်ရီဒူးနှင့် တယ်လီနောအော်ပရေတာများအားလုံး ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်မှုဖြစ်ပေါ်နေကြောင်း ကျောက်မဲတောင်ကျေးရွာ ဒေသခံတစ်ဦးမှပြောသည်။

“ဖုန်းလိုင်းကော၊ အင်တာနက်ပါ တစ်နေ့လုံးနီးပါးကို ပြတ်တောက်နေတာ။ အခုညပိုင်းလောက်ကို ခနပဲရတယ်”ဟု ၎င်းမှပြောသည်။

ထို့အပြင် တောင်သုံးလုံးကျေးရွာအနီးတွင်လည်း ယမန်နေ့(မေလ ၁၅ ရက်)က မြန်မာစစ်တပ်နှင့် KNDO ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များမှ သိရသည်။

“မနေ့တစ်နေ့လုံးနီးပါး တိုက်ပွဲတွေဖြစ်တယ်။ (စကစ)က ရွာထဲကို စစ်ကြောင်းထိုးဝင်လာတယ်။ အဲဒါကို KNDO အဖွဲ့က စောင့်ပြီးပစ်တာကနေ တိုက်ပွဲဖြစ်တာပါ”ဟု KNDO ပူးပေါင်းအဖွဲ့ဝင်တစ်ဦးမှ ဆိုသည်။

ထိုသို့တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်မဲတောင်နှင့် တောင်သုံးလုံးကျေးရွာအတွင်း လက်နက်ကြီးကျည်များ ကျရောက်ခဲ့ပြီး နေအိမ် ၁၀ လုံးခန့် ထိခိုက်ပျက်စီးခဲ့ကြောင်းနှင့် ဒေသခံတစ်ထောင်ကျော်မှာလည်း နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသည်ဟု စစ်ဘေးရှောင်ကူညီရေးလုပ်ကိုင်နေသူတစ်ဦးထံမှ သိရသည်။

“စစ်တပ်ကလက်နက်ကြီးနဲ့ အချက်ရေ ၅၀ ကျော်လောက်ပစ်တာ ရွာထဲကိုထိတယ်။ အိမ်က ၁၀ လုံးလောက် ထိတယ်လို့သိရတယ်။ အတိအကျတော့ ပြောရခက်နေတယ်။ တိမ်းရှောင်လာတဲ့ဒေသခံတွေကို လိုအပ်တဲ့နေထိုင်ခင်းနဲ့ စားနပ်ရိက္ခာတွေ ထောက်ပံပေးထားပါတယ်”ဟု စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်နေသူတစ်ဦးကပြောသည်။

တနင်္သာရီတိုင်း ထားဝယ်၊ သရက်ချောင်း၊ ပုလောနှင့် တနင်္သာရီမြို့နယ်နှင့် မြိတ်-ထားဝယ်-ထီးခီး ကားလမ်းမအနီးကျေးရွာများ၌ မြန်မာစစ်တပ်နှင့် KNDO ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြီးခဲ့သည့်ဧပြီလနောက်ဆုံးပတ်မှ လက်ရှိအချိန်ထိ နှစ်ပတ်တာကာလအတွင်း ဒေသခံတစ်သောင်းကျော်ခန့် နေရပ်စွန့်ခွာခဲ့ရကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့များထံမှ သိရသည်။

ဗီဒီယိုများ