ထားဝယ်မြို့အနီးကျေးရွာများသို့ စစ်တပ်မှဝင်ရောက်လာမှုကြောင့် ဒေသခံ ၂၀၀ ကျော် KNU နယ်မြေထဲသို့ တိမ်းရှောင်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အရှေ့တောနှင့် ဝကုန်းကျေးရွာများသို့ စစ်တပ်ကဝင်ရောက်လာမှုကြောင့် ဒေသခံ ၂၀၀ ကျော်မှာ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရသည်ဟု စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်နေသူများထံမှ သိရသည်။

18 May 2022

ဝကုန်းကျေးရွာမှဒေသခံများ KNU ယာယီစစ်ဘေးရှောင်စခန်းသို့ တိမ်းရှောင်လာစဉ်။

DMG ၊ မေ ၁၈

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အရှေ့တောနှင့် ဝကုန်းကျေးရွာများသို့ စစ်တပ်ကဝင်ရောက်လာမှုကြောင့် ဒေသခံ ၂၀၀ ကျော်မှာ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရသည်ဟု စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်နေသူများထံမှ သိရသည်။

ယမန်နေ့(မေလ ၁၇ ရက်)ညပိုင်းတွင် အရှေ့တောနှင့် ဝကုန်းကျေးရွာအတွင်းသို့ မြန်မာစစ်တပ်မှဝင်ရောက်ပြီး လက်နက်ကြီးငယ်တို့ဖြင့် ပစ်ခတ်ခဲ့သည်ဟု စစ်ဘေးရှောင်ကူညီရေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

“ညပိုင်းအချိန် စစ်တပ်က အင်အားအလုံးအရင်းနဲ့ဝင်ချလာတာ။ ကာကွယ်ရေးအဖွဲ့တွေကို လာရှာတယ်လို့ သိရတယ်။ ဝင်လာချင်းပဲ လက်နက်ကြီးကော၊ လက်နက်ငယ်တွေနဲ့ တရစပ်ပစ်တဲ့အသံတွေပါကြားရတယ်”ဟု ၎င်းကဆိုသည်။

ထိုသို့ပစ်ခတ်မှုများကြောင့် အရှေ့တောနှင့် ဝကုန်းကျေးရွာမှဒေသခံ ၂၀၀ ကျော်မှာ KNU တပ်မဟာ(၄) နယ်မြေအတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်း စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်နေသူများထံမှ သိရသည်။

ယမန်နေ့ကပစ်ခတ်မှုကြောင့် ဝကုန်းကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်များကျရောက်ကာ နေအိမ် ၁၀ လုံးကျော်ပျက်စီးခဲ့သည်ဟုလည်း မြေပြင်သတင်းရင်းမြစ်များမှပြောသည်။

ပစ်ခတ်မှုငြိမ်သွားချိန်တွင် ရွာအတွင်းသို့ခေတ္တဝင်ရောက်သွားသည့် ရွာသားအချို့ကို မြန်မာစစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင် KNDO ပူးပေါင်းအဖွဲ့မှဆိုသည်။

“စစ်ကောင်စီတပ်တွေ ရွာထဲကိုစစ်ကြောင်းထိုးဝင်တယ်။ အခြေအနေငြိမ်သွားပြီထင်လို့ ရွာထဲခနပြန်တဲ့ သူတွေထဲက ၁၀ ဦးကျော်လောက် အဖမ်းခံထားရတယ်”ဟု KNDO ပူးပေါင်းအဖွဲ့ဝင်တစ်ဦးကပြောသည်။

KNU တပ်မဟာ(၄)နယ်မြေအတွင်းသို့ တိမ်းရှောင်လာသည့်ရွာသားများကို လိုအပ်သည့်စားနပ်ရိက္ခာနှင့် အဝတ်အထည်များထောက်ပံ့ပေးထားကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ သိရသည်။

မြန်မာစစ်တပ်နှင့် KNDO ပူးပေါင်းအဖွဲ့ကြားတိုက်ပွဲများကြောင့် ထားဝယ်မြို့အနီးရှိ ကျေးရွာများမှ ဒေသခံသုံးထောင်ကျော်မှာ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်နေသူများထံမှ သိရသည်။

ဗီဒီယိုများ