ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ဘော်ဒါဆောင်များမှ ဆရာ၊ဆရာမများ ကိုဗစ်ကာလတွင် အခက်အခဲနှင့် ရင်ဆိုင်နေရ

ကိုဗစ်-19 ကာလအတွင်း ရခိုင်ပြည်နယ်မှ ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘော်ဒါဆောင်များမှ ဆရာ၊ ဆရာများမှာ အခက်အခဲများစွာနှင့် ရင်ဆိုင်နေရကြောင်း ပုဂ္ဂလိက(ကိုယ်ပိုင်) ဆရာများအသင်း၊ စစ်တွေ၏ ဥက္ကဋ္ဌ ဦးမြင့်သောင်းက ပြောသည်။

By မျိုးသီရိကျော် 19 Jan 2021

ကိုဗစ်ကာလအတွင်း ပိတ်ထားရသည့် ပန်းပျိုးလက် ကိုယ်ပိုင်အထက်တန်းကျောင်းအား တွေ့ရစဉ်။

မျိုးသီရိကျော် | DMG
ဇန်နဝါရီ ၁၉ ၊ စစ်တွေ

ကိုဗစ်-19 ကာလအတွင်း ရခိုင်ပြည်နယ်မှ ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘော်ဒါဆောင်များမှ ဆရာ၊ ဆရာများမှာ အခက်အခဲများစွာနှင့် ရင်ဆိုင်နေရကြောင်း ပုဂ္ဂလိက(ကိုယ်ပိုင်) ဆရာများအသင်း၊ စစ်တွေ၏ ဥက္ကဋ္ဌ ဦးမြင့်သောင်းက ပြောသည်။

ဆရာ၊ ဆရာမများမှာ စာသင်ပြီး အသက်မွေးဝမ်းကျောင်း ပြုလုပ်နေကြသူများ ဖြစ်သည့်အတွက် လတ်တလော ကာလအတွင်း တခြားစီးပွားရေးလုပ်ငန်းတစ်ခု ပြောင်းရွှေ့လုပ်ကိုင်နိုင်ရန် ငွေကြေးအရင်းအနှီး အခက်အခဲ ရှိခြင်း၊ အလုပ်အကိုင် ရှားပါးသည့်အတွက် အခက်အခဲများစွာရှိကြောင်း ၎င်းကဆိုသည်။

“ဒီကာလမှာ စားဝတ်နေရေး အဆင်ပြေဖို့အတွက် အသုံးစရိတ်တွေ ချွေတာစုဆောင်းပြီး အဆင်ပြေအောင်ပဲ နေရပါတယ်။ သားသမီးများတဲ့သူတွေဆိုရင် ပိုပြီးတော့ အခက်အခဲနဲ့ကြုံရမှာပါ။ ဘယ်နေ့ကျောင်းဖွင့်မလဲ ဆိုတာကို စောင့်ဆိုင်းနေရပါတယ်” ဟု ဆိုသည်။

ကိုဗစ်ကာလအတွင်း ရခိုင်ပြည်နယ်ရှိ ကျောင်းသား၊ မိဘ၊ ဆရာများ၏ အခြေအနေနှင့်ပတ်သက်ပြီး ဇန်နဝါရီ ၁၇ ရက်နေ့က အွန်လိုင်းမှ ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့ကြသည်။

ကိုဗစ်ရောဂါကြောင့် ကျောင်းများပိတ်ထားသည်မှာ ခြောက်လနီးပါး ကြာမြင့်လာနေပြီး ယင်းကာလအတွင်း မိသားစုစားဝတ်နေရေး အဆင်ပြေစေရန် အချို့ဆရာများမှာ ကားမောင်းခြင်း၊ ကျောင်းဆရာမများမှာ အွန်လိုင်း ဈေးရောင်းခြင်း စသည်တို့ကို ပြောင်းရွှေ့လုပ်ကိုင်နေကြသူများလည်းရှိနေကြောင်း ဦးမြင့်သောင်းက ဆိုသည်။

ဘော်ဒါဆောင်များမှာ ကိုယ်ပိုင်အထက်တန်းကျောင်းများထက်စောပြီး ပိတ်ထားရသည့်အတွက် အထက်တန်းကျောင်းဖွင့်ချိန်တွင် ဘော်ဒါဆောင်များကိုပါ တစ်ပါတည်းဖွင့်ပေးရန် ဘော်ဒါဆောင်ပိုင်ရှင်များက လိုလားနေကြသည်။

သာသာရပ်သင် ကိုယ်ပိုင်သင်တန်းမှ ဆရာဦးသိန်းဝင်းက “အိမ်ငှားခ၊ အခန်းငှားခတွေက ဈေးကြီးပေးပြီး တစ်နှစ်စာပေးထားရတယ်ဆိုတော့ ရင်းနှီးမြုပ်နှံမှုတွေ အကုန်လုံးလုပ်ပစ်ခါမှ ကုန်စရာရှိတာအကုန်လုံး ကုန်ထားပြီဖြစ်တယ်။ နောက်နှစ် လုပ်ငန်းထူထောင်ဖို့အတွက်ကျတော့ တော်တော်လည်း အခက်အခဲ ဖြစ်နိုင်တယ်။ တချိန်ချိန်မှာ ကိုယ်ပိုင်အထက်တန်းကျောင်းတွေ ဖွင့်လာတဲ့အခါမှာ တခါတည်းကိုယ်ပိုင် ဘာသာရပ်သင်တန်း(ဘော်ဒါဆောင်)ကိုပါ တစ်ပါတည်းဖွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု ဆိုသည်။

လက်ရှိ ကိုဗစ်ကာလတွင် စစ်တွေမြို့ပေါ်မှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် Online စာသင်ကြားခွင့် များကို ရနိုင်သော်လည်း ရခိုင်ပြည်မြောက်ပိုင်း စစ်ရေးပဋိပက္ခဖြစ်နေသည့်ဒေသမှ ကျောင်းသူ/သားများမှာ အင်တာနက်ဖြတ်တောက်ခံထားရသည့်အတွက် Online သင်ကြားမှုများ ဆုံးရှုံးနေရကြောင်း ကျောင်းသားမိခင် ဒေါ်လှဝင်းဖြူက ပြောသည်။

“တိုက်ပွဲဖြစ်နေတဲ့ဒေသက ကျောင်းသားတွေဟာ တိုက်ပွဲတစ်ခု၊ ကိုဗစ်တစ်ခု ခံစားနေရတယ်။ စစ်ဘေးရှောင်စခန်းကို ရောက်ရှိနေတဲ့အတွက်လည်း Online သင်ကြားခွင့်ကို ဆုံးရှုံးရတယ်။ သူတို့ကို စာသင်ပေးမယ်ဆိုရင်တောင်မှ အတင်းဆွဲခေါ်ရမယ်။ တချို့ဆိုရင် ကျောင်းကထွက်ပြီး လုပ်ငန်းခွင်ကို ရောက်သွားတဲ့သူတွေလည်း ရှိနေပြီ။ ကျောင်းသားတွေရဲ့စိတ်ထဲမှာ အခုလိုမျိုး စစ်ဘေးဒဏ်ကို ခံစားနေရတဲ့အတွက် သူ့တို့ရဲ့ရည်မှန်းချက်တွေ မအောင်မြင်တော့ဘူးဆိုပြီးတော့ သူတို့ရဲ့စိတ်ထဲမှာစွဲနေပြီ” ဟု ဆိုသည်။

Online မှ စာသင်ကြားမည်ဆိုပါကလည်း စစ်တွေမြို့ထက်မှ ကျောင်းသားများသာ အဆင်ပြေနိုင်ပြီး တိုက်ပွဲ ဖြစ်ပွားနေသည့်ဒေသမှ ကျောင်းသားများအတွက် မြန်နှုန်းမြင့် အင်တာနက် 4G ရရန် လိုအပ်ကြောင်း ဒေါ်လှဝင်းဖြူက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ကပ်ရောဂါအပြင် ပြည်တွင်းပဋိပက္ခများနှင့် အင်တာနက်ဖြတ်တောက်ထားသည့် အတွက် မျက်စိ၊နားများကို ပိတ်ပင်ထားသကဲ့သို့ ခံစားနေရကြောင်း ပုဂ္ဂလိက(ကိုယ်ပိုင်)ဆရာများအသင်း၊ စစ်တွေမှ ဒု-ဥက္ကဋ္ဌ ဦးထွန်းကြည်နိုင်က ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၁ ရက်နေ့မှ သြဂုတ်လ ၂၇ ရက်နေ့အထိ မြန်မာနိုင်ငံမှ ကျောင်းများ အားလုံးကို ကိုဗစ်-၁၉ စည်းမျဉ်း၊စည်းကမ်းများနှင့်အညီ ဖွင့်လှစ်နိုင်ခဲ့သော်လည်း ပြည်တွင်းကူးစက်မှု မြင့်မားလာသဖြင့် သြဂုတ်လ ၂၈ ရက်နေ့တွင် ပြန်လည်ပိတ်ထားခဲ့ခြင်းသည်။

ဗီဒီယိုများ