ရခိုင်မျိုးနွယ်စုဝင်ပါတီများ ရွေးကောက်ပွဲကို ပါတီမဖျက်သိမ်းရေးအတွက်သာ ဝင်ရောက်မည်

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ပါတီမပျက်သိမ်းရန်အတွက်သာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ရခိုင်မျိုးနွယ်စုဝင်ပါတီများမှ တာဝန်ရှိသူများက ပြောဆိုကြသည်။

By မင်းထွန်း 04 Aug 2020

ရိုးရာတူရိယာများနှင့်တွေ့ရသည့် မြိုတိုင်းရင်းသားများ။ ဓာတ်ပုံ - DMG

မင်းထွန်း | DMG
သြဂုတ် ၄ ၊ စစ်တွေ

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ပါတီမပျက်သိမ်းရန်အတွက်သာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ရခိုင်မျိုးနွယ်စုဝင်ပါတီများမှ တာဝန်ရှိသူများက ပြောဆိုကြသည်။

လာမည့်ရွေးကောက်ပွဲတွင် မြိုအမျိုးသားဒီမိုကရေစီပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂ နေရာကို ကျောက်တော်မြို့နယ်နှင့် ရန်ကုန်တိုင်းတို့မှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၂ နေရာကို မြောက်ဦးမြို့နယ်နှင့် ကျောက်တော်မြို့နယ်တို့မှ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ယင်းပါတီမှ သိရသည်။

ထိုသို့ မဲဆန္ဒနယ်(၄)ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ရခြင်းမှာ ပါတီရပ်တည်နိုင်ရေး အတွက်သာဖြစ်ကြောင်း မြိုအမျိုးသားဒီမိုကရေစီပါတီ အတွင်းရေးမှူး ကိုစိုးနောင်က ဆိုသည်။

“ကျနော်တို့က ရွေးကောက်ပွဲနိုင်ဖို့ဆိုတာထက် ပါတီတစ်ခုရပ်တည်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝင်ပြိုင်ရတာပါ။ ပါတီရပ်တည်နိုင်မှ ကိုယ့်ရဲ့အမျိုးသားရေးတွေကို ပံ့ပိုးကူညီနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ပါ” ဟု ၎င်းက ပြောသည်။

ယင်းအပြင် ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ အနေဖြင့်လည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တွင် (၁)ဦး ၊ မြောက်ဦးခရိုင်နှင့် ကျောက်တော်မြို့နယ်တွင် (၂) ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပါတီဗဟိုဥက္ကဋ္ဌ ဦးစိန်လှကျော်က ဆိုသည်။

“ဘူးသီးတောင်နဲ့ မောင်တောခရိုင်မှာ တစ်ဦးပြိုင်မယ်။ မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်မှာ (၂) ဦးဝင်ပြိုင်မှာ ဖြစ်ပါတယ်။ ကျနော်တို့ အခုဝင်ပြိုင်တာက ပါတီမပျက်ဖို့အတွက် တာဝန်အရပြိုင်တဲ့ပုံစံမျိုးပါ” ဟု ၎င်းက ပြောသည်။

အလားတူ ကမန်အမျိုးသားတိုးတက်ရေးပါတီမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရခိုင်မှ သံတွဲမြို့နယ်အပါအဝင် ရန်ကုန်မြို့ရှိ မရမ်းကုန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်မြို့နယ်တို့တွင် ကိုယ်စားလှယ် လောင်း (၄)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် သံတွဲမြို့နယ် မဲဆန္ဒနယ်တစ်ခုတည်းမှာသာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ၎င်းပါတီမှ သိရသည်။

ယခင်က ကမန်လူမျိုးစုအများအပြားရှိခဲ့သည့် ရမ်းဗြဲ၊ ကျောက်ဖြူ၊ စစ်တွေမြို့နယ်တို့တွင် လက်ရှိအချိန်၌ ကမန်လူမျိုးစု အင်အားနည်းပါးသွားသည့်အတွက် ယခုကဲ့သို့ တခြားနေရာများတွင် ဝင်ရောက်ယှဉ်ပြိုင်ရခြင်း ဖြစ်သည်ဟု ကမန်အမျိုးသားတိုးတက်ရေးပါတီ ဒုတိယဥက္ကဋ္ဌ(၂) ဦးတင်ငွေက ဆိုသည်။

“လက်ရှိရခိုင်ပြည်နယ်ရဲ့ အခြေအနေအရ စစ်ပွဲအခြေအနေကြောင့် စိုးရိမ်တာတွေလည်းရှိတယ်။ ရှိတဲ့အခါကျတော့ စစ်တွေဘက်ကလည်း တက်မလာဘူး။ တက်မလာတော့ ကျနော်တို့က ပါတီရပ်တည်ရေးအတွက် အနည်းဆုံး (၃)ယောက်ပြိုင်ရမှာဆိုတော့ အကုန်လုံး(၅)ယောက်ပဲ ယှဉ်ပြိုင်ရတာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ ပါတီများသည် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း လူနည်းစု တိုင်းရင်းသားပါတီများဖြစ်သဖြင့် အနိုင်မရရှိခဲ့ကြပေ။

ထို့ကြောင့် လူနည်းစုတိုင်းရင်းသားများ၏ အခွင့်အရေး၊ အသံများ ပျောက်ဆုံးနေရကြောင်း လူနည်းစု ရခိုင်မျိုးနွယ်စုဝင်ပါတီတချို့မှ ဝေဖန်ကြသည်။

လာမည့် ၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဇူလိုင်လ ၁ ရက်နေ့က ထုတ်ပြန်ကြေငြာထားသည်။

ဗီဒီယိုများ