တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်း ညဘက်တွင် လျှပ်စစ်မီးအချိန်ပြည့်ရရှိရန် ကျောင်းသားမိဘများ တောင်းဆို

မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်း ကျောင်းသား၊သူများ စိတ်ချမ်းသာစွာဖြင့် စာကျက်နိုင်ရေးအတွက် လျှပ်စစ်မီးကို ညနေ ၅ နာရီကနေ နံနက်ပိုင်းအချိန်ထိ မပြတ်တောက်ရအောင် သက်ဆိုင်ရာမှလုပ်ဆောင်ပေးစေလိုကြောင်း ရခိုင်ရှိ ကျောင်းသားမိဘများက တောင်းဆိုကြသည်။

30 Mar 2022

DMG ၊ မတ် ၃၀

မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်း ကျောင်းသား၊သူများ စိတ်ချမ်းသာစွာဖြင့် စာကျက်နိုင်ရေးအတွက် လျှပ်စစ်မီးကို ညနေ ၅ နာရီကနေ နံနက်ပိုင်းအချိန်ထိ မပြတ်တောက်ရအောင် သက်ဆိုင်ရာမှလုပ်ဆောင်ပေးစေလိုကြောင်း ရခိုင်ရှိ ကျောင်းသားမိဘများက တောင်းဆိုကြသည်။

ရခိုင်တွင် လျှပ်စစ်မီး မကြာခဏပြတ်တောက်နေသောကြောင့် ကျောင်းသားများစာဖတ်ရန် အခက်ကြုံနေရပြီး စာမေးပွဲအတွင်း လျှပ်စစ်မီးမပြတ်တောက်စေရန်ပြုလုပ်ပေးစေလိုကြောင်း စစ်တွေမြို့ နေပူခံရပ်ကွက်မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသားတစ်ဦး၏ မိခင် ဒေါ်မသာယာကပြောသည်။

“လျှပ်စစ်မီးက ရလိုက်၊မရလိုက်ဆိုတော့ စိုးရိမ်တာပေါ့။ မိုးချုပ်ရင် မီးပြတ်သွားတော့ စာဖတ်လို့မရတော့ဘူး။  မနက်ဖြန်ဆို ၁၀ တန်းစာမေးပွဲစစ်တော့မှာဆိုတော့ (လျှပ်စစ်)မီးကို တစ်ညလုံးတော့ရစေချင်တယ်။ ညနေ ၅ နာရီကနေ မနက်အထိတော့မီးရစေချင်တယ်။ နေ့တစ်ပိုင်းလောက် ပြတ်တောက်ချင်ရင်ပြတ်တောက်ပေါ့။ ဖြစ်နိုင်ရင် အဲဒီတစ်ပတ်လောက်ပဲ မီးမပြတ်တောက်ဖို့တောင်းဆိုချင်တယ်”ဟု ၎င်းကဆိုသည်။

လက်ရှိမြန်မာတစ်နိုင်ငံလုံးတွင် လျှပ်စစ်မီး မကြာခဏပြတ်တောက်နေရခြင်းမှာ LGN ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ ဓာတ်အားထုတ်လုပ်နိုင်မှုကျဆင်းမှုတို့ကြောင့် မလည်ပတ်နိုင်ခြင်း၊ လျှပ်စစ်တာဝါများ ဖျက်ဆီးခံရခြင်းနှင့် သဘာဝဓာတ်ငွေ့ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ပို့ပေးမည့်ပိုက်လိုင်းများ ပြင်ဆင်နေခြင်းတို့ကြောင့်ဖြစ်သည်ဟု လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက မတ်လ ၆ ရက်နေ့က ထုတ်ပြန်ထားသည်။

သို့သော်လည်း လက်ရှိအချိန် လျှပ်စစ်မီးမကြာခဏပြတ်တောက်နေမှုကြောင့် ကျောင်းသားများမှာ စာပုံမှန်မလုပ်ရသည့်အတွက် စိတ်ထိခိုက်မည်ကို မိဘများအနေဖြင့်စိုးရိမ်နေရကြောင်း ဘူးသီးတောင်မြို့တွင် စာမေးပွဲဖြေဆိုရမည့် ကျောင်းသားတစ်ဦး၏ဖခင်ဖြစ်သူ ဦးမောင်ထွန်းခင်က DMG သို့ပြောသည်။

“မီးကပြတ်သွားရင် ငါ့သားငါ့သမီးတွေ ဘယ်လိုစာဖတ်ရမလဲဆိုတဲ့ စိုးရိမ်စိတ်လေးတော့ ဝင်မိတယ်။ စာမေးပွဲစစ်နေတဲ့ကာလအတွင်းမှာပဲ ညဦးကနေ မိုးလင်းတဲ့အထိရစေချင်တယ်။ ကျောင်းသားတွေက စာလုပ်နေတဲ့အချိန် မီးပြတ်တောက်သွားရင် စာလုပ်လို့မရတော့ဘူး။ စာကိုလည်း ပုံမှန်လုပ်လို့မရတော့ ကျောင်းသားတွေလည်း စိတ်ထိခိုက်တယ်။ အဲဒါတွေကိုစိုးရိမ်တယ်”ဟု ဦးမောင်ထွန်းခင်ကဆိုသည်။

ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ ဧပြီ ၉ ရက်နေ့အထိ စစ်ဆေးသွားမည်ဖြစ်ပြီး ရခိုင်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုမည့်ကျောင်းသား၊သူ ၄၅၀၀၀ ကျော်ရှိကြောင်းလည်း ပြည်နယ်ပညာရေးမှူးရုံး တာဝန်ရှိသူထံမှသိရသည်။

ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှ ‌ဒေါ်လှရွှေစောကလည်း “စာလုပ်နေတဲ့အချိန်မှာ မီးကပြတ်လိုက်၊ ရလိုက်နဲ့ မီးကလည်းအားမရတော့ ကလေးတွေစိတ်အနှောင့်အယှက်ဖြစ်မှာကို စိုးရိမ်တယ်။ သား၊သမီးတွေ စာလုပ်နေတဲ့အချိန် မီးပြတ်တောက်မှာကို မိဘအနေနဲ့စိုးရိမ်တာပေါ့။ သားသမီးတွေကစာမေးပွဲနဲ့ သူတို့အတွက် ထမင်းချက်ပြုတ်ရတာလည်း မီးကသေသွားရင် အဆင်မပြေတော့ဘူးလေ။ မီးကိုတော့ မပြတ်တောက်ဖို့ တောင်းဆိုချင်ပါတယ်”ဟု ဆိုသည်။

ထိုသို့တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်း ညလုံးပေါက်မီးပြတ်နေမည်ကို စိုးရိမ်နေကြောင်း ပြည်သူတို့ပြောဆိုချက်နှင့်ပတ်သက်ပြီး DMG က ရခိုင်ပြည်နယ် လျှပ်စစ်ဦးစီးဌာနတာဝန်ရှိသူထံသို့ ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသဖြင့် အဆက်အသွယ်မရရှိခဲ့ပေ။

သို့သော် စစ်တွေခရိုင်လျှပ်စစ်ရုံးမှ အမည်မဖော်လိုသည့်အရာရှိတစ်ဦးက စာမေးပွဲကာလတွင် တညကို ၂ နာရီခန့်သာ မီးပြတ်တောက်မှုရှိနေမည်ဖြစ်ပြီး ယင်းထက်ပို၍ပြတ်တောက်ပါက လျှပ်စစ်ဌာနသို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း DMG ကို ရှင်းပြသည်။

“လိုအပ်ရင်ပေါ့နော် ကျနော်တို့ ၂ နာရီလောက်တော့ ဝန်အားလျှော့တာရှိတယ်။ ကျန်တာတော့ မလျှော့ပါဘူး။ ကျနော်တို့ပုံမှန်ပေးထားတယ်လေ။ ညလုံးပြတ် ပျက်တာတော့မရှိဘူး။ ဒါပေမယ့် လိုင်းမပြည့်ဖြစ်သွားတာတို့ transfer မှာ error ဖြစ်တာတို့ဆိုရင်တော့ ဖြစ်တတ်တယ်ပေါ့။ အဲဒါဆိုရင်တော့ ကျနော်တို့ အရေးပေါ်ဌာနကနေ အမြန်ဆုံး ပြုပြင်ပေးလိမ့်မယ်။ ၂ နာရီ ထက်ကျော်ရင်တော့ လျှပ်စစ်ဌာနကို အဆက်အသွယ်လုပ်ပေါ့နော်”ဟု ၎င်းကဆိုသည်။

တစ်နိုင်ငံလုံးတွင် လာမည့်မေလလကုန်အထိ လျှပ်စစ်မီးကို အလှည့်ကျအနေဖြင့် ထုတ်လွှတ်ပေးမည်ဖြစ်သဖြင့် နေ့စဉ်မကြာခဏ မီးပြတ်တောက်နေမည်ဟု စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လ ၂၄ ရက်နေ့ကပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ဗီဒီယိုများ