တိုက်ပွဲဖြစ်ပွားနေသည့်ဒေသများတွင် ရွေးကောက်ပွဲပျက်မည်ကို တိုင်းရင်းသားပါတီများစိုးရိမ်

တိုက်ပွဲဖြစ်ပွားနေသည့် တိုင်းရင်းသားဒေသများတွင် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ပျက်သွား မည်ကို ညီနောင်တိုင်းရင်းသားပါတီများက စိုးရိမ်မှုရှိကြောင်းသိရသည်။

By မင်းထွန်း 26 Jun 2020

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမတိုင်မီ မဲစာရင်းတွင် မိမိနာမည်ပါ/မပါ စစ်ဆေးနေသည့် အမျိုးသမီးတစ်ဦး။

မင်းထွန်း | DMG
ဇွန် ၂၆ ၊ စစ်တွေ

တိုက်ပွဲဖြစ်ပွားနေသည့် တိုင်းရင်းသားဒေသများတွင် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ပျက်သွား မည်ကို ညီနောင်တိုင်းရင်းသားပါတီများက စိုးရိမ်မှုရှိကြောင်းသိရသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားဒေသများတွင် တိုက်ပွဲဖြစ်ပွားနေမှုကို အကြောင်းပြုပြီး ရွေးကောက်ပွဲမကျင်းပ ဖြစ်ခဲ့လျှင် တိုင်းရင်းသားကိုယ်စားလှယ်များ လွှတ်တော်ထဲသို့မရောက်မည်ကိုစိုးရိမ်ကြောင်း ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း(NBF)၏ အတွင်းအရေးမှူးအဖွဲ့ဝင် ဆလိုင်းအောင်မင်းလှိုင်က ဆိုသည်။

“လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အထူးသဖြင့် ပြည်နယ်တွေပေါ့လေ၊ တိုင်းရင်းသားဒေသတွေမှာ စစ်မက် ဖြစ်ပွားတာနဲ့ တခြားအရာတွေကို အကြောင်းပြပြီးတော့ ရွေးကောက်ပွဲ မကျင်းပဖြစ်မှာကို စိုးရိမ်တယ်။ ရွေးကောက်ပွဲ မကျင်းပဖြစ်ရင် လွှတ်တော်ထဲမှာ တိုင်းရင်းသားကိုယ်စားလှယ်တွေ ရောက်ဖို့မလွယ်ဘူးပေါ့လေ၊ အဲဒါကြောင့် စိုးရိမ်ပြီးတော့ မဲဆန္ဒနယ်အားလုံးမှာ ရွေးကောက်ပွဲကျင်းပနိုင်အောင် တိုက်တွန်းတာပါ” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး ရွေးကောက်ပွဲ ပြုလုပ်၊ မပြုလုပ်ကို အတိအကျမသိရသေးပေ။

ယင်းကြောင့် ရခိုင်တွင် ရွေးကောက်ပွဲမကျင်းပမည်ကို နိုင်ငံရေးပါတီများက စိုးရိမ်နေကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပမည်ဆိုလျှင် သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို ယာယီရပ်ဆဲထားရန်လိုအပ်ကြောင်း ဆလိုင်းအောင်မင်းလှိုင်က သုံးသပ်သည်။

“ရွေးကောက်ပွဲ လုပ်မယ်ဆိုလို့ရှိရင် တရားဝင် မဲဆွယ်စည်းရုံးရေးကာလကတည်းကနေပြီးတော့ သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ယာယီပဲဖြစ်ဖြစ် အပစ်ခတ်ရပ်စဲတာကို စနစ်တကျနဲ့ အာမခံပြီး ပေးထားကြဖို့ လိုလိမ့်မယ်။ ဒါမှ ရွေးကောက်ပွဲက ဖြစ်မြောက်မှာ”ဟု ၎င်းကပြောသည်။

ယင်းအပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်များသည် ပွင့်လင်းမြင်သာမှု မရှိခြင်းကြောင့် နိုင်ငံရေးပါတီများအတွက်

ကြိုတင်ပြင်ဆင်လုပ်ဆောင်ရန် အခက်အခဲများစွာ ကြုံနေကြရကြောင်း ဇွန်လ ၁၉ ရက်နေ့က ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း(NBF) မှ ထုတ်ပြန်ထားသည်။
ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒေရေးရှင်းအဖွဲ့တွင် တိုင်းရင်းသားဒေသအသီးသီးမှ ပါတီ(၁၅) ခု ပါဝင်သည်။

လာမည့် ရွေးကောက်ပွဲကို အပြောင်းအလဲမရှိဘဲ နိုဝင်ဘာလအတွင်းတွင်ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းမီဒီယာများသို့ ပြောဆိုထားသည်။

သို့သော်လည်း ရခိုင်ပြည်နယ်နှင့် “ဝ”ဒေသတို့တွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ပြည်ထဲရေးနှင့် ကာကွယ်ရေးဝန်ကြီးဌာနများကို မေးမြန်းထားကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြောသည်။

ဗီဒီယိုများ