တက္ကသိုလ်များတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ သင်ရိုးညွှန်းတမ်းကို ထည့်သွင်းသင်ကြားရန်ပြင်ဆင်

မြန်မာနိုင်ငံရှိ တက္ကသိုလ်များတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ သင်ရိုးညွှန်းတမ်းကို ထည့်သွင်း သင်ကြားရန်ပြင်ဆင်နေပြီး ယင်းအတွက် ပညာရေးဝန်ကြီးဌာန၊ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်နှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

10 Feb 2021

DMG | ဖေဖော်ဝါရီ ၁၀

မြန်မာနိုင်ငံရှိ တက္ကသိုလ်များတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ သင်ရိုးညွှန်းတမ်းကို ထည့်သွင်း သင်ကြားရန်ပြင်ဆင်နေပြီး ယင်းအတွက် ပညာရေးဝန်ကြီးဌာန၊ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်နှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက “တကယ့်မြေပြင်မှာဖြစ်နေတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကျွမ်းကျင်တဲ့ ဥပဒေပညာရှင်တွေလိုအပ်လာနေပြီဖြစ်တဲ့အတွက် အခုလိုစလုပ်ဖြစ်တာပါ” ဟု ဆိုသည်။

လက်ရှိတွင် အဆိုပါသင်ရိုးညွှန်းတမ်းကို တက္ကသိုလ်များရှိ ဥပဒေဌာနများတွင် စတင်သင်ကြားနိုင်မည် ဖြစ်သော်လည်း နောင်တွင် တက္ကသိုလ်ဌာနအားလုံးတွင် ထည့်သွင်းသင်ကြားသွားနိုင်ရေးအတွက် ဆွေးနွေး မှုများရှိကြောင်းလည်း သိရသည်။

“နိုင်ငံတကာနဲ့ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဆိုင်ရာသဘောတူညီချက်တွေမှာ လက်မှတ် ရေးထိုးထားတာတွေ ရှိတယ်။ အဲ့ဒီမှာပါတဲ့ ကတိကဝတ်တွေကို အကောင်ထည်ဖော်ရမယ့် တာဝန်ရှိတယ်” ဟု ဦးလှမောင်သိန်းက ဆိုသည်။

ယင်းသို့ တက္ကသိုလ်များတွင် ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဥပဒေသင်ရိုးညွှန်းတမ်းများ ထည့်သွင်းသင်ကြား ပေးလာမည်ဆိုပါက ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် များစွာအထောက်အကူဖြစ်လာ နိုင်ကြောင်း ရခိုင်ကမ်းရိုးတန်းဒေသသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း(RCA) ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ကြည်က ယူဆသည်။

“ဒီလိုမျိုးသင်ကြားတာတွေက တကယ်လိုအပ်တာကြောင့် တက္ကသိုလ်အားလုံးမှာသင်ကြားပေးနိုင်ရင် ပိုပြီး ထိရောက်မှာပါ။ ဟိုတုန်းကလူတွေနေချင်သလိုနေ၊ ထုတ်ချင်တာကို ထုတ်ချင်သလိုထုတ်လို့ ရခဲ့တယ် ဆိုပေမယ့် အခုကမတူတော့ဘူးလေ။ ဒီတော့ ဒီဥပဒေတွေကို လူ့ကျင့်ဝတ်တစ်ခုလိုမျိုး လိုက်နာနိုင်တဲ့ အထိတောင်လုပ်သင့်တာမျိုးပါ” ဟု ၎င်းကဆိုသည်။

လတ်တလောတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေနှင့်ပတ်သက်၍ ပြည်သူများအကြား သိရှိမှုအားနည်းခြင်း၊ လိုက်နာမှုအားနည်းခြင်းများရှိနေသည့်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် အခက်အခဲအချို့နှင့် တွေ့ကြုံနေရကြောင်းလည်း ဒေါက်တာမောင်မောင်ကြည်က ပြောသည်။

ကမ္ဘာပေါ်တွင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများကြောင့် ရာသီဥတုဖောက်ပြန်မှုများကို နှစ်စဉ်ကြုံတွေ့လာကြရသည်။

ဗီဒီယိုများ