လစာ နှစ်လစာမရရှိသေးသည့် တိုင်းရင်းသားစာပေသင်ကြားနေသည့် နေ့စားလပေးဆရာ/ဆရာမများ အခက်အခဲဖြစ်နေ

ရခိုင်တွင် တာဝန်ထမ်းဆောင်နေသည့် နေ့စားလပေး တိုင်းရင်းသားစာပေသင်ကြားနေသော ဆရာ၊ဆရာမများ(TA|LT)မှာ ဇူလိုင်လနှင့် သြဂုတ်လတို့အတွက် လစာကို ယနေ့အထိမရရှိသေးကြောင်း သိရသည်။

13 Sep 2021

DMG ၊ စက်တင်ဘာ ၁၃

ရခိုင်တွင် တာဝန်ထမ်းဆောင်နေသည့် နေ့စားလပေး တိုင်းရင်းသားစာပေသင်ကြားနေသော ဆရာ၊ဆရာမများ(TA|LT)မှာ ဇူလိုင်လနှင့် သြဂုတ်လတို့အတွက် လစာကို ယနေ့အထိမရရှိသေးကြောင်း သိရသည်။

ယခင်နှစ် ၂၀၂၀ ခုနှစ် ပညာသင်ကာလအတွင်း ကိုဗစ်ရောဂါဖြစ်ပွားနေသောအချိန်တွင် ကျောင်းများကိုပိတ်ထားခဲ့သော်လည်း နေ့စားလပေးဆရာ၊ ဆရာမများ လစာပုံမှန်ရရှိခဲ့သော်လည်း ယခုနှစ် ဇူလိုင်လမှစတင်ကာ လစာမရရှိသေးကြောင်း ကျောက်ဖြူမြို့နယ်မှ တိုင်းရင်းသားစာသင်ကြားသည့် ဆရာတစ်ဦးဖြစ်သူ ကိုကျော်မင်းဦးကဆိုသည်။

“ကျွန်တော်တို့ဟာ ဒီကရတဲ့လစာလေးကို အများကြီးမှီခိုနေကြရတာပါ။ အခြားအလုပ်မလုပ်ပဲ ဒီအလုပ်ကို နှစ်နှစ်လောက် အချိန်ပေးပြီးလုပ်ခဲ့ကြတာပါ။ ဒီအချိန်မှ လစာမရဘူးဆိုတော့ ကျွန်တော်တို့ ဘယ်အလုပ်ကို ဘယ်လိုလုပ်ရမှာလဲ။ နောက်ပြီးကိုဗစ်ကာလဆိုတော့ အရမ်းကျပ်တည်းပါတယ်”ဟု ၎င်းကပြောသည်။

တိုင်းရင်းသားစာပေသင်ကြားနေသည့် ဆရာ၊ ဆရာမများမှာ အစိုးရမှတရားဝင်ခန့်ထားသည့် နေ့စားလပေး ဆရာ၊ ဆရာမများဖြစ်ကြပြီး ကျောင်းဖွင့်သည့်ရက်များ၌ တစ်ရက်လျှင် ငွေကျပ် ၄၅၀၀ မှ ၄၈၀၀ ကြားတွင်ရရှိကြကြောင်း ယင်းဆရာဆရာမများကပြောသည်။

လက်ရှိ COVID-19 ကာလဖြစ်သည့်အတွက် ငွေကြေးအကျပ်အတည်းများကြောင့် မိမိတို့လစာငွေကိုမျှော်လင့်နေသော်လည်း နှစ်လကျော်ကြာသည်အထိ မရရှိသေးသည့်အတွက် အချို့ဆရာဆရာများအတွက် စားဝတ်နေရေးအခက်အခဲနှင့် ကြုံတွေ့နေရကြောင်း စစ်တွေမြို့မှ တိုင်းရင်းသားစာပေသင်ကြားနေသည့် ဆရာမဒေါ်နွယ်လီကျော်က ပြောသည်။

“အချို့ဆရာဆရာမတွေဆိုရင် နယ်တွေကနေ တာဝန်ကျနေရာတွေကို ကုန်းတတန်၊ ရေတတန်နဲ့ မငြီးမငြူသွားပြီးစာသင်ပေးခဲ့ကြတယ်။ လက်ရှိလစာမရတော့ သူတို့တွေရဲ့စားဝတ်နေရေးအတွက် အများကြီးအခက်အခဲဖြစ်ကြရတယ်။ ကျွန်မဆိုရင် အိမ်မှာရှိတာနဲ့ ခြစ်ကုပ်ပြီးစားနေရတယ်”ဟု ၎င်းကဆိုသည်။

တိုင်းရင်းသားစာပေသင်ကြားနေသည့် နေ့စားလပေး ဆရာ၊ ဆရာမများ၏ လစာငွေများကို ရုံးချုပ်မှချပေးခြင်းမရှိသေးသည့်အတွက် လစာငွေမပေးနိုင်သေးခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက သြဂုတ်လ ၂ ရက်နေ့က DMG သို့ ပြောကြားထားသည်။

“သူတို့ကို အထက်က ငွေမချပေးသေးတဲ့အတွက် လစာမပေးရသေးတာပါ။ အထက်ကငွေလွှဲပေးရင်တော့ ချက်ချင်းပေးသွားမှာပါ။ နောက်ပြီး သူတို့ဟာ နေ့စားလပေးတွေဖြစ်တယ်။ သူတို့ ကျောင်းပိတ်ထားတဲ့ကာလမှာ သူတို့အလုပ်မဆင်းရတာကြောင့် သူတို့ကို အထက်က လစာမပေးတာလည်းပဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” ဦးတင်သိန်းကပြောဆိုထားသည်။

ရခိုင်ပြည်နယ်တွင် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့တွင်ဖွင့်လှစ်ခဲ့ပြီး ကိုဗစ်ရောဂါကူးစက်မှုအခြေအနေကြောင့် ဇူလိုင်လ ၉ ရက်နေ့မှစတင်ကာ ကျောင်းများကို ယာယီပိတ်ထားခဲ့ရသည်။

အဆိုပါ အခြေခံပညာသင်ကျောင်းများ(ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ)ကို စက်တင်ဘာ ၂၄ ရက်အထိ ယာယီဆက်ပိတ်ထားမည်ဖြစ်ကြောင်းလည်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ စက်တင်ဘာလ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဗီဒီယိုများ