တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားအခွင့်အရေးများကို လုယူခံထားရသည့်အတွက် မတရားသောနိုင်ငံရေးစနစ်ကို တွန်းလှန်ရမည်ဖြစ်ကြောင်း KNU ဗဟိုဥက္ကဋ္ဌတိုက်တွန်း

တိုင်းရင်းသားလူမျိုးများအနေဖြင့် မိမိတို့၏အမျိုးသားအခွင့်အရေးများ လုယူခံထားရသည့်အတွက် မတရားသောနိုင်ငံရေးစနစ်ကိုတွန်းလှန်ရမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းရုံး(KNU) ဗဟိုဥက္ကဋ္ဌ စောမူတူစေးဖိုးမှ လာမည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂)ရက်တွင်ကျရောက်မည့် ကရင့်အမျိုးသားနှစ်သစ်ကူးနေ့သို့ပေးပို့သော သဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။

31 Dec 2021

DMG ၊ ဒီဇင်ဘာ ၃၁

တိုင်းရင်းသားလူမျိုးများအနေဖြင့် မိမိတို့၏အမျိုးသားအခွင့်အရေးများ လုယူခံထားရသည့်အတွက် မတရားသောနိုင်ငံရေးစနစ်ကိုတွန်းလှန်ရမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းရုံး(KNU) ဗဟိုဥက္ကဋ္ဌ စောမူတူစေးဖိုးမှ လာမည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂)ရက်တွင်ကျရောက်မည့် ကရင့်အမျိုးသားနှစ်သစ်ကူးနေ့သို့ပေးပို့သော သဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။

တိုင်းရင်းသားလူမျိုးတစ်မျိုး၏ ထာဝရရပ်တည်ခြင်း၊ ရှင်သန်နိုင်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်နိုင်ခြင်းစွမ်းအားသည် သက်ဆိုင်ရာနိုင်ငံတစ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ထိုလူမျိုး၏ ဘာသာစကား၊ ယဉ်ကျေးမှုနှင် စာပေဓလေ့တို့ကိုလေးစားခြင်း၊ အသိအမှတ်ပြုခြင်းနှင့် တိုက်ရိုက်သက်ဆိုင်ကြောင်း ကေအန်ယူဗဟိုဥက္ကဋ္ဌမှ ဆိုသည်။

ကေအန်ယူအဖွဲ့အနေဖြင့် မြန်မာစစ်တပ်နှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး တွေ့ဆုံဆွေးနွေးရေးကြိုးပမ်းခဲ့ခြင်းမရှိပါက ပြည်တွင်းငြိမ်းခြမ်းရေးတည်ဆောက်ရာတွင် မဖြစ်နိုင်ကြောင်းသိရှိထားသဖြင့် ငြိမ်းချမ်းရေးတွေ့ဆုံပွဲများပြုလုပ်ကာ ကြိုးပမ်းမှုများပြုလုပ်ခဲ့ကြောင်း၊ မြန်မာစစ်တပ်မှအာဏာသိမ်းမှုပြုလုပ်ခဲ့မှုကြောင့် ထိုကြိုးပမ်းမှုများသည် အလအဟသပ်ဖြစ်ခဲ့ရကြောင်း ကေအန်ယူဗဟိုဥက္ကဋ္ဌမှ ထောက်ပြပြောဆိုသည်။

လူမျိုးတစ်မျိုး၏ ဂုဏ်သိက္ခာ၊ ဂုဏ်အင်္ဂါရပ်နှင့် ပြီးပြည့်စုံသည့်ခေတ်မီဖွံ့ဖြိုးတိုးတက်ရန်အတွက် ခေတ်ပညာများဆည်းပူးလေ့လာရုံဖြင့် ဘဝတသက်တာအတွက်ပြည့်စုံခြင်းမရှိသည့်အတွက် အတင်းအဓမ္မရယူခံထားရသည့် မိမိတို့အမျိုးသားများ၏ အခွင့်အရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတားအဆီးဖြစ်နေသည့် မတရားသည့်နိုင်ငံရေးစနစ်ကို မမှိတ်မသုန် တွန်းလှန်တိုက်ဖျက်ရမည်ဖြစ်ကြောင်း၊ ကရင်လူမျိုးဟုခံယူထားသူများသည်လည်း မိမိတို့၏တိုင်းရင်းသားအခွင့်အရေးများ မဆုံးရှုံးစေရေးအတွက် ကရင်အမျိုးသားအဖွဲ့အစည်းတိုင်း၊ အကျိုးစီးပွားအတွက် ကြိုးပမ်းအားထုတ်ရမည်ဖြစ်ကြောင်း သဝဏ်လွှာတွင် တိုက်တွန်းထားသည်။

KNU တပ်မဟာ(၆)နယ်မြေဖြစ်သည့် လေးကေ့ကော်မြို့သစ်အတွင်း၌ မြန်မာစစ်တပ်နှင့် ကေအန်ယူလက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းအဖွဲ့ကြားတွင် ဒီဇင်ဘာ ၁၅ ရက်မှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် မဲ့ထော်သလေး၊ လေးကေ့ကော်၊ မဲ့သာခီး၊ ရသေ့ဂူ၊ ဆုံဆည်းမြိုင်နှင့် ဖလူးလေးကျေးရွာတို့မှ ဒေသခံတစ်သောင်းကျော်မှာ နီးစပ်ရာ ထိုင်းနိုင်ငံ မဲဆောက်သို့ထွက်ပြေးခိုလှုံခဲ့ရသည်။

ထို့အပြင် တပ်မဟာ(၁)နယ်မြေဖြစ်သည့် မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်တွင်လည်း မြန်မာစစ်တပ်၊ နယ်ခြားစောင့်တပ်(BGF)နှင့်  KNLA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံတစ်ထောင်ကျော်မှာ နီးစပ်ရာတောတောင်များအတွင်းသို့ တိမ်းရှောင်နေကြရသည်။

ပြီးခဲ့သည့် မတ်လအတွင်းကဖြစ်ပွားခဲ့သည့် ကေအန်ယူတပ်မဟာ(၅)နယ်မြေ ဖာပွန်ဒေသ၌လည်း KNLA နှင့် မြန်မာစစ်တပ်ကြား တိုက်ပွဲအကြိမ် ၁၀၀ ထက်မနည်း ဖြစ်ပွားခဲ့သည်။

ထို့အပြင် ကေအန်ယူတပ်မဟာ(၆)နှင့် (၇)ရှိရာ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးပိုင်းတွင် ဒီဇင်ဘာ ၁၈ ရက်မှ စတင်တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ခရီးသွားမော်တော်ယာဉ်များ သွားလာမှုရပ်တန့်ထားရသည်အထိ ဖြစ်ခဲ့သည်။

ကေအန်ယူဗဟိုမှ ဒီဇင်ဘာ ၂၀ ရက်မှစပြီး တပ်မဟာ(၇)ခုလုံးကို ပစ်ခတ်ရန်အမိန့်ပေးထားမှုကြောင့် မြန်မာစစ်တပ်နှင့် တိုက်ပွဲများပိုမိုဖြစ်ပွားလာနိုင်ကြောင်း နိုင်ငံရေး၊ စစ်ရေးလေ့လာသူများမှ သုံးသပ်မှုများရှိနေသည်။

ဗီဒီယိုများ