တက္ကသိုလ်ုဝင်တန်းစာမေးပွဲဖြေဆိုခွင့် လျှောက်ထားရက် ထပ်မံတိုးမြှင့်

လာမည့်မတ်လအတွင်းတွင် စစ်ဆေးမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကို ဇန်နဝါရီလ ၁၅ ရက်နေ့အထိ နောက်ဆုံးထားပြီး တင်သွင်းလျှောက်ထားနိုင်သည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ယမန်နေ့(ဇန်နဝါရီလ ၆ ရက်နေ့)က ထုတ်ပြန်ထားသည်။

07 Jan 2022

DMG ၊ ဇန်နဝါရီ ၇

လာမည့်မတ်လအတွင်းတွင် စစ်ဆေးမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကို ဇန်နဝါရီလ ၁၅ ရက်နေ့အထိ နောက်ဆုံးထားပြီး တင်သွင်းလျှောက်ထားနိုင်သည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ယမန်နေ့(ဇန်နဝါရီလ ၆ ရက်နေ့)က ထုတ်ပြန်ထားသည်။

ယခင်က တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာကို နိုဝင်ဘာလ ၁၅ ရက်မှ ဒီဇင်ဘာလ ၃၀ ရက်နေ့အတွင်း နောက်ဆုံးလျှောက်ထားရန် သတ်မှတ်ပေးခဲ့သော်လည်း ယခုအခါ စာမေးပွဲဖြေဆိုခွင့်လျှောက်ထားရက်ကို ထပ်မံတိုးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ရက်တိုးမြှင့်ရခြင်းမှာ ကျောင်းဖွင့်ရက်နောက်ကျသော စာသင်ကျောင်းများနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဝေးလံဒေသများမှ စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူများနှင့် ပြင်ပဖြေဆိုမည့်သူများ အဆင်ပြေချောမွေ့စေရန်အတွက် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယခုကဲ့သို့ စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာတင်ရက် တိုးမြှင့်ပေးလိုက်သောကြောင့် လျှောက်လွှာမတင်ရသည့် ဝေးလံသောဒေသများမှ ကျောင်းသား၊ကျောင်းသူများအတွက် ကောင်းမွန်သည်ဟု ကျောင်းသားမိဘဖြစ်သည့် ဒေါ်မိုးမိုးကပြောသည်။

ကောင်းမြတ်ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာဦးသိန်းဝင်းက “စစ်တွေနဲ့ပေါက်တောမှာ လျှောက်လွှာတင်ရတဲ့နောက်ဆုံးနေ့မတိုင်မီနေ့ကနေ လျှောက်လွှာတွေရှာမရတော့ဘူး။ အဲဒါကြောင့် လျှောက်လွှာမတင်လိုက်ရတဲ့ ကျောင်းသားတွေလည်းရှိနိုင်တယ်။ ရခိုင်မှာ ဒီနှစ်ဖြေဆိုမှုတော်တော်များမယ်ထင်တယ်။ ဒါကြောင့် စာမေးဖြေဖို့ဆန္ဒရှိတဲ့ ကျောင်းသူ၊ကျောင်းသားတွေအတွက် အရင်ကမတင်လိုက်ရရင်လည်း အခုနောက်တိုးတဲ့ ၁၅ ရက်အတွင်းမှာ မဖြစ်မနေတင်ကြဖို့၊ မပေါ့လျော့ဖို့တိုက်တွန်းချင်ပါတယ်”ဟု ပြောသည်။

၂၀၂၂ တက္ကလိုလ်ဝင်ခွင့်စာမေးပွဲကို လာမည့် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိကျင်းပသွားမည်ဟု မြန်မာနိုင်ငံစာစစ်ဦးဌာနက ထုတ်ပြန်ထားသည်။

ဗီဒီယိုများ