ရခိုင်တွင် ကုန်ပစ္စည်းများ ၇၀ ရာခိုင်နှုန်းအထိ ဈေးမြင့်တက်နေသဖြင့် အခြေခံလူတန်းစားများ အခက်တွေ့

COVID-19 တတိယလှိုင်းတွင် ရခိုင်ပြည်နယ်အတွင်း ကုန်ပစ္စည်းများမှာ ၃၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်း အထိ ဈေးမြင့်တက်လာကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ကုန်သည်များထံမှ သိရသည်။

12 Jul 2021

DMG ၊ ဇူလိုင် ၁၂

COVID-19 တတိယလှိုင်းတွင် ရခိုင်ပြည်နယ်အတွင်း ကုန်ပစ္စည်းများမှာ ၃၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်း အထိ ဈေးမြင့်တက်လာကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ကုန်သည်များထံမှ သိရသည်။

လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်တတိယလှိုင်းတွင် ရခိုင်ပြည်နယ်မှ ထွက်ကုန်များမှာ ၃၀ ရာခိုင်နှုန်းအထိ ဈေးမြင့်တက်သွားပြီး ပြည်မမှလာသည့် ကုန်ပစ္စည်းများမှာ ၇၀ ရာခိုင်နှုန်းအထိ ဈေးမြင့်တက်လာနေကြောင်း ရခိုင်စီးပွားရေးဦးဆောင် အများနှင့်ဆိုင်သောကုမ္ပဏီလီမိတက်အသင်းဥက္ကဋ္ဌ ဦးခင်မောင်ကြီးက DMG သို့ ပြောသည်။

“အခုကိုဗစ်တတိယလှိုင်းမှာက တော်တော့်ကို ကုန်ဈေးနှုန်းတွေမြင့်တက်သွားတယ်။ အရင် ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာဆိုရင် ကုန်စည်နှုန်းဈေးက ၅၀ ရာခိုင်နှုန်းလောက်ပဲတက်ခဲ့တာ။ အခုကုန်စည်နှုန်းတွေက ၇၀ ရာခိုင်နှုန်းလောက်ထိမြင့်တက်သွားတယ်” ဟု ဦးခင်မောင်ကြီးက ပြောသည်။

ကုန်ဈေးနှုန်းများမြင့်တက်နေသည့်အတွက် ပြည်သူများအခက်ခဲများရှိလာနိုင်ပြီး ထိုသို့ ကုန်ဈေးနှုန်းမြင့်တက် နေမှုကို အစိုးရမှ ထိန်းညှိပေးသင့်ကြောင်း ဦးခင်မောင်ဦးကြီးက ဆိုသည်။ လက်ရှိအချိန်တွင် အခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်သွန်၊ အချို့မှုန့် စသည့်ပစ္စည်းများမှာ ဈေးနှုန်းမြင့်တက်လာနေကြောင်း စစ်တွေမြို့တွင် ကုန်စုံဆိုင်ရောင်းချနေသည့် ကိုထွန်းထွန်းအေးကပြောသည်။

“ကိုဗစ်တတိယလှိုင်းမဖြစ်ခင်တုန်းကဆိုရင် ဟင်းချို့မုန့် တစ်ဆယ့်ငါးပိဿာခွဲတစ်အိတ်ကို လေးသောင်းကျော် လောက်ပဲရှိတယ်။ အခုက ခုနှစ်သောင်းကျော်လောက်တက်သွားတယ်။ ဆီဆိုရင်လည်း အရင်က ဆယ်လီတာ တစ်ဗူးကို နှစ်သောင်းနှစ်ထောင်လောက်ပဲရှိတယ်၊ အခုဆိုရင် သုံးသောင်းကျော်သွားပြီ၊ ကုန်စည်နှုန်းအကုန်လုံး နီးပါးက ဈေးတက်သွားတယ်” ဟု ပြောသည်။

အခြေခံစားသောက်ကုန်များဈေးနှုန်းမြင့်တက်လာသဖြင့် လက်လုပ်လက်စားလုပ်ကိုင်နေသူများမှာ အခက်အခဲ ဖြစ်နေသည်ဟု စစ်တွေဒေသခံ ကိုမောင်ထွန်းဝင်းကပြောသည်။ “ကျနော်တို့က တစ်နေ့လုပ်မှ တစ်နေ့စားရတာ။ အခုလို့ကုန်ဈေးနှုန်းတွေတက်နေတော့ အခက်အခဲရှိတာပေါ့။ လက်လုပ်လက်စားဆိုတော့ ပုံမှန်မရှိဘူးလေ။ အခက်အခဲတွေအများကြီးရှိပါတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းဖြစ်စဉ်က ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း ၄၂၆၄ ဦး၊ သေဆုံးသူ ၃၇ ဦးအထိရှိခဲ့ပြီး ပြည်နယ်၏စီးပွားရေးမှာ ၅၀ ရာခိုင်နှုန်းထိ ကျဆင်းမှုရှိခဲ့ကြောင်း သိရသည်။

ဗီဒီယိုများ