ကျောက်တော်မှ ကျေးရွာနှစ်ရွာတွင် နေအိမ်များမီးလောင်ပျက်စီးပြီး အရပ်သားများစွာ ထွက်ပြေးခဲ့ရမှု ကုလစိုးရိမ်

တပ်မတော်၏ထုတ်ပြန်ချက်အပေါ် ဒေသခံများကလက်မခံဘဲ နေအိမ်များအား တပ်မတော်က မီးရှို့သည်ကို မျက်မြင်တွေ့ရှိခဲ့သည်ဟု မီးလောင်ရာတွင်နေအိမ်ပါဝင်သွားသည် ဘုရားပေါင်းကျေးရွာမှ ဦးသာထွန်းလှက ပြောသည်။

By နှင်းနွယ် 09 Sep 2020

နှင်းနွယ် | DMG
စက်တင်ဘာ ၉ ၊ ကျောက်တော်

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့အကြား ဖြစ်ပွားသောတိုက်ပွဲများကြောင့် စက်တင်ဘာလ ၃ ရက် နေ့က ကျောက်တော်မြို့နယ်မှ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာတို့တွင် နေအိမ်များ မီးလောင် ပျက်စီးခဲ့ပြီး အရပ်သားများစွာနေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရသည်ကို ကုလသမဂ္ဂအနေဖြင့် များစွာစိုးရိမ်ကြောင်း စက်တင်ဘာလ ၈ ရက်နေ့က ထုတ်ပြန်ထားသည်။

“ရခိုင်ပြည်နယ်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ မကြာသေးခင်က ပိုများလာတာကိုစိုးရိမ်စွာနဲ့ စောင့်ကြည့်လျက် ရှိပါတယ်” ဟု ကုလသမဂ္ဂ ဌာနညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး မစ္စတာအိုလာ အလ်မ်ဂရမ်က ပြောသည်။

အဆိုပါကျေးရွာနှစ်ရွာတွင် မီးရှို့ခံရမှုကြောင့် ဘုရားပေါင်းကျေးရွာမှ နေအိမ် ၁၁၀ ဆောင်နှင့် တောင်ပေါက် ကျေးရွာမှ နေအိမ် ၆၉ ဆောင် မီးလောင်ပျက်စီးသွားခဲ့ပြီး လူဦးရေ ၁၅၀၀ ကျော်မှာ နေရပ်စွန့်ခွာတိမ်းရှောင် ခဲ့ကြရသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ စက်တင်ဘာလ ၈ ရက်နေ့ထုတ်ပြန်ချက်တွင် ကျောက်တော်မြို့နယ် အတွင်းက ကျေးရွာနှစ်ရွာမှ နေအိမ်အချို့မီးရှို့ဖျက်ဆီးခံရမှုမှာ အေအေမှမီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ကို စစ်ဆေးသိရှိရသည်ဟု ထုတ်ပြန်ထားသည်။

လတ်တလောတချို့လူမှုကွန်ရက်စာမျက်နှာများတွင် ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာတို့အား တပ်မတော်က ရွာလုံးကျွတ်မီးရှို့ခဲ့သည်ဆိုသည့်သတင်းမှားများအား အဖွဲ့ အစည်းတချို့မှ လုပ်ကြံသတင်းများဖြန့်ဝေလျက်ရှိကြောင်းတွေ့ရှိရသည်ဟုလည်း တပ်မတော်ကဆိုသည်။

တပ်မတော်က စက်တင်ဘာလ ၇ ရက်ညပိုင်းတွင် ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာအတွင်း မီးလောင်ကျွမ်းခဲ့မှုအခြေအနေအား မြေပြင်စစ်ဆေးမှုများ၊ဒရုန်းများဖြင့်စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရွာလုံးကျွတ်မီးလောင်ကျွမ်းခြင်းမဟုတ်ဘဲ လူနေအိမ်တချို့တို့ကိုသာ ရွေးချယ်မီးရှို့ဖျက်ဆီးထားခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ဒေသခံပြည်သူလူထုတချို့၏ပြောပြချက်အရ AA အနေဖြင့် ၎င်းတို့အပေါ် ထောက်ခံမှုမရှိသည့် ဒေသခံပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းသာဖြစ်နိုင်သည်ဟု တပ်မတော်၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကျောက်တော်မြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက အဆိုပါကျေးရွာများအား မီးရှို့ခဲ့မှုနှင့် ပတ်သက်၍ အမှန်တရားသည်ဖုံးကွယ်ထား၍မရဟု ပြောသည်။

“ဘယ်အဖွဲ့ကလုပ်တယ်၊ မလုပ်ဘူးဆိုပြီး ဘယ်လောက်ပဲငြင်းငြင်း ကာယကံရှင်တွေကအသိဆုံးပဲ။ အခုဖြစ်စဉ်က လုပ်ပြီးရင် ပျောက်သွားတဲ့အရာမျိုးတော့မဟုတ်ဘူး။ အမှန်တရားဆိုတာရှိနေပြီးသား။ အဲဒီအမှန်တရားဆိုတာ သိချင်ရင် အဲဒီကျေးရွာကအိမ်မီးရှို့ခံလိုက်ရတဲ့သူတွေ၊ နဖူးတွေ့ဒူးတွေ့ခံခဲ့ရသူတွေ ရွာထဲမှာအများကြီးရှိတယ်။ အဲဒီရွာသားတွေက နိုင်ငံရေးနဲ့ပတ်သက်တဲ့ အရောင်အဆင်းတွေအရမ်းနည်းတဲ့အတွက် အရှိကို အရှိအတိုင်း အမှန်တရားကိုပြောကြလိမ့်မယ်။ အဲဒီလိုရိုးသားတဲ့ပြည်သူတွေရဲ့အသံကပဲ အမှန်တရားကို ကိုယ်စားပြုလိမ့်မယ်” ဟု ဦးဦးထွန်းဝင်းက ပြောသည်။

တပ်မတော်၏ထုတ်ပြန်ချက်အပေါ် ဒေသခံများကလက်မခံဘဲ နေအိမ်များအား တပ်မတော်က မီးရှို့သည်ကို မျက်မြင်တွေ့ရှိခဲ့သည်ဟု မီးလောင်ရာတွင်နေအိမ်ပါဝင်သွားသည် ဘုရားပေါင်းကျေးရွာမှ ဦးသာထွန်းလှက ပြောသည်။

“AA က မီးရှို့တယ်လို့ပြောတာက လူကြီးလူကောင်းစကားမပြောဘဲ အခြေအမြစ်မရှိဘဲပြောတဲ့ စကားသာ ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့ရတဲ့သူတွေ။ အိမ်က မိသားစုတွေကို သေနတ်နဲ့တည်လို့ဆွဲထုတ်ပြီးတော့ ကွန်ကရစ်လမ်းမှာ ဝပ်ခိုင်းထားတယ်။ အိမ်ကိုမီးရှို့ပြီးတော့ တော်တော် ချမ်းတယ်နော်၊ ခင်ဗျားတို့မီးလှုံကောင်းတယ်မလားဆိုပြီး မေးတယ်။ နောက်ပြီးတော့ သေနတ်တွေ ၊ လက်နက်ကြီးတွေနဲ့ပစ်ပြီးတော့ တော်တော်နားထောင်ကောင်းတယ်မလားဆိုပြီး သူတို့ဗမာစကားနဲ့ ပြောနေ ခဲ့တာ။ ကျွန်တော်တို့ပြည်သူတွေမှာ အသံဖမ်းကိရိယာမရှိလို့ အသံမဖမ်းနိုင်လိုက်တာပဲရှိတယ်။ သူတို့ မီးရှို့ တာကို ကျွန်တော်တို့တရွာလုံးကလူတွေ မျက်ဝါးထင်ထင် မြင်လိုက်တယ် ” ဟု ဦးသာထွန်းလှက ပြောသည်။

ဘုရားပေါင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းအေးမောင်က တပ်မတော်မှ ယခုကဲ့သို့ငြင်းဆိုခြင်းမှာ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိ၍သာဖြစ်ကြောင်း ပြောသည်။

“သူတို့(တပ်မတော်)ရွာကိုမီးရှို့ဖို့ဝင်လာတဲ့အချိန်မှာ ကျွန်တော့်ယောက်ဖက အိမ်အောက်မှာဝပ်နေတာ။ သူတို့ နွားတွေကိုလွှတ်တာတွေ၊ အိမ်ကိုမီးရှို့နေတာတွေ အကုန်လုံးကိုမြင်ရတယ်။ ဒါကြောင့် ကျွန်တော့်ယောက်ဖက ဆရာတို့မီးရှို့လိုက်ရင် ကျွန်တော်တို့ဘယ်မှာနေရမလဲဆိုပြီးပြောတော့ တပ်မတော်သားတွေက ကျွန်တော့် ယောက်ဖကိုခေါ်ထုတ်ပြီးတော့ လမ်းမှာဝပ်ခိုင်းထားတယ်။ ပြီးတော့သူတို့သဘောကျမီးရှို့တယ်။ ရွာက ထွက်မပြေးဘဲ ကျန်လိုက်တဲ့လူမှန်သမျှ အကုန်လုံးမျက်မြင်သက်သေတွေရှိပြီသား။ အဲတာတောင် တပ်မတော် ဖက်က ငြင်းတယ်ဆိုတော့ သူတို့လုပ်ထားတဲ့အရာတစ်ခုကို တာဝန်မခံဘူးဆိုတဲ့သဘောပေါ့’’ ဟု ၎င်းက ပြောသည်။

ရက္ခိုင့်တပ်တော်(AA)က ကျောက်တော်မြို့နယ်မှ ကျေးရွာနှစ်ရွာအား တပ်မတော်ကမီးရှို့ခဲ့ကြောင်းနှင့် မီးတိုက်မှုဖြစ်စဉ်အတွင်း မီးအတွင်းပါသွား၍ အသက်ဆုံးရှုံးသူများရှိသကဲ့သို့ အသက်လုတိမ်းရှောင်နေစဉ် အတွင်း လက်နက်ငယ်များဖြင့်ပစ်ခတ်မှုကြောင့် အရပ်သားအချို့ သေဆုံးမှုများရှိခဲ့ကြောင်း စက်တင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ ကျောက်တော်ဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ အပြန်အလှန် စွပ်စွဲ ငြင်းဆိုမှုများအပေါ် အဖြေပေါ်ပေါက်စေရန် ပြည်မမီဒီယာများကိုဝင်ခွင့်ပေးသင့်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက ပြောသည်။
စက်တင်ဘာလ ၈ ရက်နေ့ကပြုလုပ်ခဲ့သည့်  “ပြည်ထောင်စုအတွက် ရခိုင်၊ ရခိုင်အတွက်ပြည်ထောင်စု” ဆိုသည့် ဆွေးနွေးပွဲစကားဝိုင်းတွင် ဒေါ်ထုမေက ယခုကဲ့သို့ပြောဆိုခဲ့သည်။

“ရခိုင်ပြည်နယ်ရဲ့အင်တာနက်မရရှိတဲ့ ကျောက်တော်ဒေသကပြည်သူတွေကို သေချာသွားမေးကြည့်လိုက်ပါ။ ဘယ်သူတွေ ဘာလုပ်တယ်ဆိုတာကို ဖြေပါလိမ့်မယ်။ တကယ်လို့ ပြည်တွင်းက မီဒီယာတွေကို ဝင်ခွင့်မပေး ရင်တောင် ပြည်မကမီဒီယာတွေကို ဝင်ခွင့်ပေးလိုက်ပါ။ ဒီနေရာမှာနေပြီးတော့ အပြန်အလှန် စွပ်စွဲကြတာတွေ၊ ငြင်းခုန်ကြတာတွေ အဖြေပေါ်ပါလိမ့်မယ်” ဟု ဒေါ်ထုမေက ဆိုသည်။

ဆက်လက်ပြီးဒေါ်ထုမေက “ပြည်ထောင်စုမှာ နေကြတဲ့ပြည်သူတွေအပေါ်မှာ ထိခိုက်နစ်နာအောင်၊ နောက်ပြီး ရွာလုံးကျွတ်မီးရှို့တာတွေ၊ အိမ်ခြေနှစ်ရာနီးပါးထိ မီးရှို့လိုက်တာကို အမှန်တကယ်လုပ်တဲ့အဖွဲ့အစည်းဟာ ပြည်သူအတွက် မလုပ်ဘူးဆိုတာ သေချာတယ်။ ပြည်သူတွေကို ဖိနှိပ်ရက်စက်တယ်ဆိုတာ သေချာတယ်။ ဒီလို မျိုးအဖွဲ့အစည်းဟာ ဘယ်တော့မှ ပြည်သူရဲ့ထောက်ခံမှုကို မရရှိသလို နိုင်ငံအတွက်လည်း အင်မတန်အန္တရာယ် ကြီးတဲ့အဖွဲ့အစည်းပါ’’ ဟု ပြောသည်။

လက်ရှိမှာ မီးရှို့ခံရမှုကြောင့်နေအိမ်ပျက်စီးသွားသည့် ကျေးရွာနှစ်ရွာမှ လူဦးရေ ၁၅၀၀ ကျော်မှာ ကျောက်တန်း ကျေးရွာ၊ သဝင်ကိုင်းကျေးရွာ၊ စစ်အောင်ကျေးရွာ၊ ရွှေလှိုင်ကျေးရွာ၊ ဆင်အိုးချိုင်ကျေးရွာတို့တွင် ခိုလှုံလျက် ရှိကြောင်း သိရသည်။

ဗီဒီယိုများ