ရခိုင်တွင် ငွေစက္ကူအတုတွေ့ရှိမှု များပြားလာ

ရခိုင်ပြည်နယ်တွင် ယခုနှစ်အတွင်း ပြည်သူများအကြားမှာ ငွေစက္ကူအတုတွေ့ရှိမှုများပြားလာနေသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။

04 Apr 2022

DMG ၊ ဧပြီ ၄

ရခိုင်ပြည်နယ်တွင် ယခုနှစ်အတွင်း ပြည်သူများအကြားမှာ ငွေစက္ကူအတုတွေ့ရှိမှုများပြားလာနေသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။

မြို့နယ်အသီးသီးတွင် ငွေပေးချေသည့်ကိစ္စများဆောင်ရွက်ရာ၌ ငွေစက္ကူအတုများကြားညှပ်ပါလာသည်ကို မကြာခဏကြုံတွေ့လာရသည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုသည်။

မြောက်ဦးမြို့ “ကျော်”စက်ပစ္စည်းအရောင်းဆိုင်မှ မကြာသေးမီက စက်ပစ္စည်းတစ်ခုရောင်းချပြီး ငွေရှင်းသည့်အခါ တစ်သောင်းတန်ငွေစက္ကူအတု ၅ ရွက်ကြားညှပ်၍ပါလာသည်ဟု ဆိုင်ပိုင်ရှင်ဦးသန်းထွန်းကပြောဆိုသည်။

“ငွေအတုတွေနဲ့ ကြုံတွေ့နေရတယ်ဆိုလို့ ကျနော်တို့လည်း ငွေကိုစီစစ်ပြီးတော့ယူပါတယ်။ ကျနော်တို့ဆိုင်က ပိုက်ဆံလေးသိန်းဖို့ဝယ်တယ်။ အဲဒီအထဲမှာ တစ်သောင်းတန်ငွေအတု ၅ ရွက်ကြားညှပ်ပြီးတော့ပါလာတာပါ။ အဲဒီ ၅ ရွက်ကလည်း အသစ်စက်စက်ပဲဖြစ်ပါတယ်။ ကျနော်တို့သိသိချင်း သူ့ကိုပြန်ပေးလိုက်ပါတယ်။ အရင်တုန်းကလည်း ငွေအတုတွေနဲ့အမြဲတမ်းလိုလို ကြုံတွေ့ခဲ့ရပါတယ်”ဟု ၎င်းကပြောသည်။

ယင်းသို့ကြုံတွေ့ခဲ့ရသည့်နောက်ပိုင်း ငွေအပေးအချေလုပ်သည့်အခါ ငွေစက္ကူအထူအပါး၊ ရောင်ပြန်ကြိုး စသည်တို့ကို တစ်ရွက်ချင်းစိစစ်ပြီး သတိထား၍ယူနေရသည်ဟုလည်း ၎င်းကဆက်ပြောသည်။

အလားတူ ငွေစက္ကူအတုပါလာမှုနှင့်ကြုံတွေ့ခဲ့ရသည့် စစ်တွေဒေသခံ Wave Money ငွေလွဲငွေထုတ်လုပ်ပေးသူ ဒေါ်ဇင်မာအောင်ကလည်း “အရင်လက ကျမမှာ တစ်သောင်းကျပ်တန် ငွေစက္ကူအတုနှစ်ရွက် ကြားညှပ်ပြီးတော့ရခဲ့တယ်။ ငွေကိုစိစစ်ပြီးတော့ယူတာတောင် ပါလာခဲ့တယ်။ အဲဒီပိုက်ဆံကိုဆက်သုံး လိုက်ရင်လည်း တခြားလူတွေဆီကိုရောက်သွားမှာစိုးလို့ အဲဒီပိုက်ဆံကို ဆုပ်ဖြဲလိုက်ပါတယ်”ဟု ပြောသည်။

ငွေစက္ကူအတု၊ အစစ်ကို မြို့ပေါ်ဒေသခံများအနေဖြင့် ခွဲခြားသိရှိနိုင်ကြသော်လည်း နယ်ဖက်မှဒေသခံများမှာ ခွဲခြားမသိနိုင်သည့်အတွက် ၎င်းတို့ထံ ငွေအတုရောက်သွားပါက ငွေစက္ကူသုံးစွဲမှုအတွင်း အတုရောပါမှု ပိုများလာနိုင်သည်ဟုသုံးသပ်ပြောဆိုမှုများလည်းရှိသည်။

မင်းပြားမှ ကုန်စုံဆိုင်ရောင်းချသူ မဖြူဖြူဌေးက ယခင်ကမတွေ့ကြုံခဲ့ရပေမယ့် ယခုနှစ်အတွင်း ငွေအတုများနှင့်ကြုံတွေ့နေရသည်မှာ နှစ်ကြိမ်ထက်မနည်းရှိနေပြီဖြစ်ပြီး တာဝန်ရှိသူများအနေဖြင့် စိစစ်အရေးယူဆောင်ရွက်ခြင်းမရှိဘဲ ဆက်လက်ထားရှိနေပါက ဒေသခံများမှာ အခက်အခဲနှင့်ကြုံတွေ့လာနိုင်သည်ဟုဆိုသည်။

“ဘဏ်ကိုငွေလွှဲဖို့သွားတဲ့အခါပါသွားတော့ ဘဏ်က ဆက်သုံးလို့မရအောင် မှင်နဲ့လုပ်ပေးလိုက်ပါတယ်။ မဟုတ်ရင် သူတို့သိမ်းထားလိုက်တယ်ပေါ့။ ငွေအတုနဲ့ကြုံတွေ့ရတာကတော့ ၂ ခါ ၃ ခါလောက်ရှိပါပြီ။ ငွေတုကို ဆက်လို့လည်းသုံးလို့မရတော့ ဆုတ်ဖြဲလိုက်ရတယ်။ တစ်သောင်းပဲဖြစ်ဖြစ် နှစ်သောင်းပဲဖြစ်ဖြစ်၊ စစ်လျော်ရတယ်၊ ဆုပ်ဖြဲရတော့ ကျမတို့မှာနစ်နာတာပေါ့”ဟု မဖြူဖြူဌေးက ဆက်လက်ပြောဆိုသည်။

ငွေတုအများအပြားတွေ့လာခြင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးအဆင်မပြေခြင်း၊ နိုင်ငံရေးမတည်ငြိမ်ချိန် အခွင့်ကောင်းယူခြင်း၊ ဘဏ်မှငွေထုတ်ငွေသွင်းလုပ်ငန်း အဆင်မပြေသည့်အတွက် လောဘသားများကအခွင့်ကောင်းယူကာ လွယ်ကူသည့်နည်းဖြင့် ဖြန့်ချီသုံးစွဲလာကြခြင်းကြောင့် သာမန်အောက်ခြေပြည်သူလူထုများ ခံစားရခြင်းဖြစ်သည်ဟု ရခိုင်စီးပွားရေးဦးဆောင် အများနှင့်သက်ဆိုင်သောကုမ္ပဏီ(REIC) ဒုတိယဥက္က ဋ္ဌဦးခင်မောင်ကြီးက ပြောဆိုသည်။

“ဒီအတိုင်း သက်ဆိုင်ရာကလည်း အရေးယူဆောင်ရွက်ခြင်းမရှိဆက်ထားနေမယ်ဆိုရင် အခုထက်ပိုပြီးတော့ဆိုးလာမယ်။ ပြည်သူတွေမှာ ဆိုးသထက်ဆိုးလာမယ်ပေါ့။ အဓိကတော့ ပင်မငွေတုရောင်းချလုပ်ကိုင်နေသူတွေကို အရေးယူဆောင်ရွက်သင့်ပါတယ်။ အခုလိုဖြစ်ပွားနေရတာကလည်း စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စီးပွားအဆင်မပြေဖြစ်လို့ပဲဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

ငွေအတုကို ပြီးခဲ့သည့်နှစ်များအတွင်းက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယခုအခါ ပိုမိုများပြားစွာတွေ့ရှိလာခြင်းဖြစ်သည်ဟုလည်း ဒေသခံများက ပြောဆိုကြသည်။

ငွေအတုကို ဘဏ်၌တွေ့ရှိပါက သိမ်းဆည်းပြီး အစားထိုးငွေတောင်းခြင်း၊ ယင်းငွေအတုထဲတွင် ၁၀၀၀၀ ကျပ်တန်မှာ အများဆုံးတွေ့ရှိရသည်ဟု အမည်မဖော်လိုသည့် ပုဂ္ဂလိကဘဏ်နေဂျာတစ်ဦးက DMG ကိုပြောဆိုသည်။

“ငွေအတုတွေ့ရှိတဲ့အခါ တစ်သောင်းကျပ်တန် အများဆုံးတွေ့ရတယ်။ ၅၀၀၀ တန်အနည်းငယ်ပဲတွေ့ရတယ်။ ဘဏ်မှာငွေအတုတွေတွေ့ရင်တော့ သိမ်းထားလိုက်တယ်။ အစားထိုးပြန်တောင်းတယ်ပေါ့။ တစ်နှစ်လုံးမှာ ငွေအတုဘယ်နှစ်ရွက်တွေ့တယ်ဆိုပြီးတော့ စုထားတာတော့မရှိဘူး။ များတဲ့လတွေလည်းရှိတယ်။ နည်းတဲ့လလည်းရှိပါတယ်။ တစ်ယောက်ဆီက ၃ ရွက်လောက် တွေ့တဲ့နေ့တွေလည်းရှိပါတယ်။ အရင်တုန်းကတော့ အများကြီးတွေ့ခဲ့ရပါတယ်။ ဒီနှစ်မှာလည်း ငွေအတုတွေတွေ့နေတုန်းပါ”ဟု ၎င်းကဆိုသည်။

ငွေစက္ကူအတုများ ဝင်ရောက်မှုများပြားလာပါက ပြည်တွင်းတွင် ငွေကြေးဖောင်းပွမှုနှင့်အတူ ပြည်သူများငွေကြေးအပေါ်ယုံကြည်မှုလျော့နည်းမှု၊ အောက်ခြေပြည်သူများ အခက်အခဲများနှင့် ကြုံတွေ့လာမည်ဟုလည်း ၎င်းကဆက်လက်သုံးသပ်ပြောဆိုသည်။

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်းရေးရာဌာနမှ တာဝန်ရှိသူတစ်ဦးအားဆက်သွယ်ခဲ့ရာ ရခိုင်ပြည်နယ်တွင် ငွေအတုကိစ္စနှင့်ပတ်သက်ပြီး တိုင်ကြားလာခြင်း၊ အမှုဖွင့်အရေးယူဆောင်ရွက်ခြင်း တစုံတရာမရှိသေးကြောင်းပြောဆိုသည်။

ဗဟိုဘဏ်မှထုတ်ပြန်ထားသည့် ဥပဒေများအရ ဗဟိုဘဏ်မှထုတ်ဝေသော ငွေကြေးများကို အတုပြုလုပ်ခြင်း၊ ငွေတုများကို ပြည်တွင်း၊ ပြည်ပတင်ပို့ခြင်းများပြုလုပ်ပါက ပုဒ်မ-၁၀၂ အရ ထောင်ဒဏ် ၁၀ နှစ်မှ အနှစ် ၂၀ ချမှတ်နိုင်သည်ဟု ဗဟိုဘဏ်ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
ငွေအတုကိုကိုင်ဆောင်သုံးစွဲပါက ဗဟိုဘဏ်ဥပဒေပုဒ်မ- ၁၀၁ အရ ငွေဒဏ်၊ ၃ နှစ်ထက်မပိုသောထောင်ဒဏ်၊ ဒဏ် ၂ ရပ်လုံးလည်း ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။

ပြည်သူများအကြားတွင် ငွေအတုတွေ့ရှိလာခြင်းနှင့်အတူ Online ပေါ်တွင် ငွေအတုဆယ်သိန်းကျပ်ကို ငွေအစစ် ကျပ်တစ်သိန်းဖြင့်ရောင်းချနေခြင်းတို့ကိုလည်း လူမှုကွန်ယက်စာမျက်နှာတွင် အများအပြားတွေ့လာရသည်။

ဗီဒီယိုများ