မြောက်ဦးတွင် လယ်အငှားလုပ်ကိုင်နေသူတစ်ဦး သတ်ဖြတ်ခံရ

မြောက်ဦးခရိုင်တွင် ဇွန်လ ၂၇ ရက်နေ့က လယ်အငှားလုပ်ကိုင်နေသော လူငယ်တစ်ဦး ဓားခုတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

28 Jun 2021

DMG ၊ ဇွန် ၂၈

မြောက်ဦးခရိုင်တွင် ဇွန်လ ၂၇ ရက်နေ့က လယ်အငှားလုပ်ကိုင်နေသော လူငယ်တစ်ဦး ဓားခုတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

အသတ်ခံရသူမှာ ဆင်ချဆိပ်ရပ်ကွက်မှ အသက် ၂၀ အရွယ်ရှိသည့် မောင်စောထွန်းဖြစ်ပြီး ၎င်းမှာ မြောက်ဦးနှင့် ၅ မိုင်ခန့်ဝေးသည့် ရွာဟောင်းတောကျေးရွာနှင့် ပန်းဈေးမြောင်းကွင်း လယ်တောထဲတွင် တစ်ယောက်တည်း အိပ်နေစဉ် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပြီး မွေးမြူထားသည့် ကြက် ၅ ကောင်အပြင် ဓား ၃ ချောင်းကိုပါ ယူဆောင်သွားသွားသည်ဟု ညောင်ပင်ဈေး အုပ်ချုပ်ရေးမှူး ဦးမြသာထွန်းက ပြောသည်။

"အဲဒီကောင်လေးက အဲဒီ လယ်ပိုင်ရှင်ထံမှာ အမြဲတမ်း အငှားလုပ်နေတာ။ သေနေတာကို လယ်ပိုင်ရှင် တဲကိုသွားတဲ့အခါမှပဲ သိရတာပါ။ လည်ပင်း ဓားခုတ်ထားတဲ့ ဒါဏ်ရာတွေပါတယ်။ သူတို့မှာ မွေးထားတဲ့ ကြက်တွေလည်းပါသွားတယ်။” ဟု ဆိုသည်။

ယင်း သတ်ဖြတ်ခံရခြင်းနှင့်ပတ်သတ်ပြီး မိသားစုများအနေဖြင့် အမူမှန်ပေါ်ပေါက်ရန် မြောက်ဦး ရဲစခန်းတွင် တိုင်ကြားထားသည်ဟုလည်း ဒေသခံများက ပြောဆိုကြသည်။

လက်ရှိမှာ သတ်ဖြတ်ခံရသည့် ရုပ်အလောင်းကို မြောက်ဦးဆေးရုံကြီးတွင် ဆေးစစ်ထားကြောင်းသိရပြီး ယင်း သတ်ဖြတ်ခံရခြင်းနှင့်ပတ်သတ်၍ မြောက်ဦးမြို့မရဲစခန်းအား ဆက်သွယ်ခဲ့ရာ ဖုန်းအဆက်သွယ်မရရှိခဲ့ပေ။

ဗီဒီယိုများ