ခေါင်းဆောင်များ၏ ဆွေမျိုးများကို ဖမ်းနေရုံဖြင့် နိုင်ငံရေးပြဿနာပြေလည်မည်မဟုတ်ဟု AA ပြော

“ကျနော်တို့ ULA AA ခေါင်းဆောင်တွေရဲ့ဆွေမျိုးကို ဖမ်းနေတာလောက်နဲ့တော့ နိုင်ငံရေးပြဿနာတွေက ပြီးသွားမှာမဟုတ်ဘူး။ ရခိုင်တွေကို လူမျိုးရေးအရ အနိုင်ကျင့်နေတာတွေကိုလည်း ရပ်တန့်က ရပ်ပေးဖို့လိုအပ်တာပေါ့။ အခုလို လုပ်ဆောင်နေတာတွေကြောင့် နောက်ဆက်တွဲ ဖြစ်လာမယ့် ပြဿနာက အစိုးရမှာပဲ တာဝန်ရှိမယ်”

21 Oct 2019

Photo - Arakan Army

ခင်သရဖီဦး |DMG

အောက်တိုဘာ ၂၁၊ စစ်တွေ

ရက္ခိုင့်တပ်တော်(AA) ခေါင်းဆောင်များ၏ဆွေမျိုးများကို ဖမ်းနေရုံဖြင့် နိုင်ငံရေးပြဿနာ ပြေလည်သွားမည် မဟုတ်ကြောင်း AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက DMG ကို ယနေ့ပြောသည်။

AA စစ်ဦးချုပ်၏ ယောက်ဖဖြစ်သူ ကိုကျော်နိုင်နှင့် သမီးငယ်တို့ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှ ဆေးကုသမှု ခံယူပြီးအပြန် အောက်တိုဘာလ ၁၈ ရက်နေ့က ရန်ကုန်လေဆိပ်တွင် ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုကိုခံလိုက်ရသည်။ ၎င်းတို့ကို လာရောက်ကြိုဆိုသည့် AA စစ်ဦးချုပ်၏ ညီမဖြစ်သူ မမိုးနှင်းဖြူလည်း ဖမ်းဆီးခံခဲ့ရသည်။

နောက်ပိုင်းတွင် ဇနီးမောင်နှံနှစ်ဦးကို ဖမ်းဆီးပြီး သမီးငယ်ကို မိသားစုဝင်များထံ ပို့ဆောင်သွားကြောင်း မိသားစုဝင်ထံက သိရသည်။

ခိုင်သုခက “ကျနော်တို့ ULA AA ခေါင်းဆောင်တွေရဲ့ဆွေမျိုးကို ဖမ်းနေတာလောက်နဲ့တော့ နိုင်ငံရေးပြဿနာတွေက ပြီးသွားမှာမဟုတ်ဘူး။ ရခိုင်တွေကို လူမျိုးရေးအရ အနိုင်ကျင့်နေတာတွေကိုလည်း ရပ်တန့်က ရပ်ပေးဖို့လိုအပ်တာပေါ့။ အခုလို လုပ်ဆောင်နေတာတွေကြောင့် နောက်ဆက်တွဲ ဖြစ်လာမယ့် ပြဿနာက အစိုးရမှာပဲ တာဝန်ရှိမယ်”ဟု ပြောသည်။

ကိုကျော်နိုင်ကို သတင်းရဲတပ်ဖွဲ့က ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)၊(ခ)၊(ဂ) တို့ဖြင့် မရမ်းကုန်းမြို့နယ်ရဲစခန်း၌ အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက 7 Daydaily သတင်းစာသို့ ပြောဆိုထားသည်။ ထို့အပြင် ကိုကျော်နိုင်တစ်ဦးသာ အမှုဖွင့်ခံထားရကြောင်း၊ ၎င်း၏ဇနီးမှာ အမှုဖွင့်သည့်တိုင်ချက်၌ မပါကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်း ဆက်လက်ပြောကြားထားသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့ကလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော်ကိုလည်း AAကို ထောက်ပံ့နေသည်ဟု စွပ်စွဲချက်ဖြင့် စင်္ကာပူအစိုးရက ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ ပြန်ပို့လိုက်စဉ် ရန်ကုန် လေဆိပ်တွင် ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲများပြင်းထန်နေပြီး တပ်မတော်ဘက်က ရခိုင်ကျေးရွာတစ်ချို့ကို AA တပ်ဖွဲ့ဝင်များရှိနေသည်ဟု သံသယရှိကာ ဝင်ရောက်စစ်ဆေးမှုများလည်း ရှိနေပြီး ဖမ်းဆီးမှုများလည်းရှိသည်။

လက်ရှိတွင် AA နှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ (၂၁၇)ဦး ရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ထံက သိရသည်။

ဗီဒီယိုများ