အမ်းမြို့တွင် Facility Quarantine ဝင်နေသူများကို အလှူခံပြီး ကျွေးမွေးနေရ

ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် Facility Quarantine ဝင်နေသူများအား အစိုးရမှ စားနပ်ရိက္ခာတစ်စုံတစ်ရာ ထောက်ပံ့ပေးခြင်းမရှိသဖြင့် အလှူရှင်များထံမှ အလှူခံကာကျွေးမွေးနေရကြောင်း ဒေသခံများထံမှသိရသည်။

By ကျော်သူဌေး 07 Aug 2020

ကိုဗစ်ရောဂါ ကာကွယ်ရေးအတွက် လက်ဆေးနေသူတစ်ဦး။

ကျော်သူဌေး | DMG
သြဂုတ် ၇ ၊ အမ်း

ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် Facility Quarantine ဝင်နေသူများအား အစိုးရမှ စားနပ်ရိက္ခာတစ်စုံတစ်ရာ ထောက်ပံ့ပေးခြင်းမရှိသဖြင့် အလှူရှင်များထံမှ အလှူခံကာကျွေးမွေးနေရကြောင်း ဒေသခံများထံမှသိရသည်။

အမ်းမြို့၊ ရွှေအမ်းတောင်ခန်းမ Facility Quarantine စင်တာတွင် Quarantine ဝင်နေသူ ၃၈ ဦးရှိကာ ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့ကစတင်၍ အစိုးရမှ ထောက်ပံ့မှုရပ်ဆိုင်းလိုက်ကြောင်း Quarantine စင်တာတွင် တာဝန်ကျနေသော အမည်မဖော်လိုသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးမှ ပြောသည်။

“Quarantine စဖွင့်ခါစက  ထွေ/အုပ်က တစ်ရက်ကို သုံးထောင်နှုန်းနဲ့ တစ်လ၊နှစ်လလောက်တော့ ထောက်ပံ့ ခဲ့တယ်။ အခု အစိုးရက မပေးတာကြာပြီ။ Quarantine ဝင်နေရသူတွေ အဆင် ပြေစေဖို့၊ သူတို့ ထွက်မပြေးအောင် အလှူရှင်တွေဆီက အလှူခံပြီးတော့ စီစဉ်ပေးထားရတယ်” ဟု အမည်မဖော်လိုသည့် ကျန်းမာရေးဝန်ထမ်းက ဆိုသည်။

အမ်းမြို့မှ Quarantine ဝင်နေသူများကို Quarantine စင်တာတွင် တာဝန်ကျနေသည့် ကျန်းမာရေး ဝန်ထမ်းများ၊ အလှူရှင်အဖွဲ့အစည်းများ၏ အလှူအတန်းများဖြင့် ကျွေးမွေးနေရသည်ဟု အမ်းမြို့ဒေသခံ ကိုမျိုးလွင်က ထပ်လောင်းပြောကြားသည်။

“Quarantine မှာ တာဝန်ကျတဲ့ အမ်းပြည်သူ့ဆေးရုံက ဆရာ၊ဆရာမတွေက ပရဟိတအဖွဲ့အစည်းတွေဆီက အလှူခံပြီး ကျွေးမွေးတာတွေရှိတယ်။ အလှူခံလို့မရရင်တော့ ကိုယ့်မိသားစုထံကမှာပြီး စားသောက်နေကြ ရတာတွေရှိတယ်” ဟု ကိုမျိုးလွင်ကပြောသည်။

ရခိုင်ပြည်နယ်၏ Quarantine စင်တာများသို့ စားနပ်ရိက္ခာ ထောက်ပံ့မှုအခြေအနေနှင့်ပတ်သက်၍ ပြည်နယ် အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးဝင်းမြင့်ကိုမေးမြန်းရန် DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါ။

ရခိုင်ပြည်နယ်တွင် သြဂုတ်လ ၅ ရက်နေ့ စာရင်းအရ အသွားအလာစောင့်ကြည့်ခြင်း (Quarantine) စင်တာ ၂၄၈ နေရာတွင် လူဦးရေ ၇၂၈ ဦးကို အသွားအလာစောင့်ကြည့်ထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သူ ၁၆ ဦးအထိ ရှိခဲ့ပြီး အဆိုပါပိုးတွေ့လူနာအားလုံးမှာ ရောဂါ ကောင်းမွန်သွားသဖြင့် ဆေးရုံမှဆင်းသွားကြပြီဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဗီဒီယိုများ