စစ်အာဏာသိမ်းပြီးတစ်နှစ်အကြာတွင် အရပ်သားသေဆုံးသူ ၁၅၀၀ ကျော်ရှိကြောင်း (AAPP)ထုတ်ပြန်

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်ခန့်အကြာ စစ်အာဏာရှင်တော်လှန်းရေးကာလအတွင်း စစ်ကောင်စီမှ ပစ်ခတ်မှုကြောင့် သေဆုံးသူဦးရေ ၁၅၀၃ ဦးအထိရှိလာကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

By DMG 01 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၁

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်ခန့်အကြာ စစ်အာဏာရှင်တော်လှန်းရေးကာလအတွင်း စစ်ကောင်စီမှ ပစ်ခတ်မှုကြောင့် သေဆုံးသူဦးရေ ၁၅၀၃ ဦးအထိရှိလာကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

“စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အပြစ်မဲ့ပြည်သူ ၁၅၀၀ ကျော် ကျဆုံးခဲ့ရပါတယ်။ ဒီလုပ်ရပ်တွေအတွက် စစ်အုပ်စုက အပြည့်အဝတာဝန်ခံရမှာဖြစ်ပါတယ်”ဟု AAPP မှ တာဝန်ရှိသူတစ်ဦးက DMG သို့ပြောသည်။

ယင်းအပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဇန်နဝါရီလ ၃၁ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခံထားရသူစုစုပေါင်း (၈၈၃၅)ဦးနှင့် ၎င်းတို့အနက်မှ (၆၆၁)ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပြီး ယင်းပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး(၂)ဦးအပါအဝင် (၄၅)ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်ဟု ထုတ်ပြန်သည်။

“ကျဆုံးခဲ့ကြသူတွေအတွက် စိတ်မကောင်းဖြစ်ရသလို နွေဦးတော်လှန်ရေးမှာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် ပေးဆပ်ခဲ့ကြရတဲ့အတွက် အေအေပီပီက ဂုဏ်ပြုမှတ်တမ်းတင်ပါတယ်”ဟု AAPP တာဝန်ရှိသူကပြောသည်။

ယင်းသို့ AAPP ၏ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးဌာနမှ ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းအား DMG က ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ယင်းအပြင် AAPP ၏စာရင်းအရ ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၇၂)ဦးရှိပြီး ၎င်းတို့အနက်မှ မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉)ဦးအပါအဝင် (၁၁၈)ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း AAPP ထုတ်ပြန်ချက်အရ သိရသည်။

သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း(၈၄)ဦးရှိပြီဖြစ်ကာ လွတ်မြောက်လာသူဦးရေအတိအကျနှင့် အမည်စာရင်းကိုရရှိရန် AAPP အနေဖြင့် ဆက်လက်စုံစမ်းနေကြောင်းဆိုသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ကို ၂၀၀၀ ခုနှစ်က ထိုင်း-မြန်မာနယ်စပ်တွင် တည်ထောင်ခဲ့ပြီး လက်ရှိတွင် နိုင်ငံရေးကြောင့်ဖမ်းဆီးခံရသူတို့၏ စာရင်းအချက်အလက်များအပြင် အကျဉ်းသားများလွတ်မြောက်ရေးနှင့် လွတ်လာသော နိုင်/ကျဉ်းများကို အကူအညီများလုပ်ဆောင်ပေးနေသည့် အဖွဲ့ဖြစ်သည်။

စစ်ကောင်စီက ၂၀၂၁ ဧပြီလအတွင်းက AAPP ကို မတရားအသင်းအဖြစ် ကြေညာထားသည်။

ဗီဒီယိုများ