ဘူးသီးတောင်မြို့နယ်တွင် ပေါက်ကွဲမှုဖြစ်ကာ ကလေးတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နှင့် ၃ မိုင်ကျော်ခန့်ကွာဝေးသည့် ပြင်ရှည်ကျေးရွာတွင် ဖေဖော်ဝါရီ ၄ ရက် နေ့လည် ၂ နာရီကျော်အချိန်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်အတွင်း ကလေးတစ်ဦး သေဆုံးကာ နှစ်ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

04 Feb 2021

DMG | ဖေဖေါ်ဝါရီ ၄

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နှင့် ၃ မိုင်ကျော်ခန့်ကွာဝေးသည့် ပြင်ရှည်ကျေးရွာတွင် ဖေဖော်ဝါရီ ၄ ရက် နေ့လည် ၂ နာရီကျော်အချိန်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်အတွင်း ကလေးတစ်ဦး သေဆုံးကာ နှစ်ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

အဆိုပါကလေးသုံးဦးမှာ ကျေးရွာအရှေ့မြောက်ဘက်ရှိ လယ်ကွင်းပြင်၌နွားကျောင်းနေကြစဉ် ကောက်ရခဲ့သည့် စစ်ကြွင်းကျန်ဗုံးသီးတစ်လုံးကို ထုကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြင်ရှည်ကျေးရွာဒေသခံ ကိုမောင်ထွန်းလှိုင်က ပြောသည်။

“ကလေးတွေက နွားကျောင်းနေရာမှ ဗုံးသီးတစ်လုံး ကောက်ရတယ်လို့သိရတယ်။ ဗုံးသီးကို သစ်ပင်မှာ ထုကြည့်လို့ပေါက်ကွဲမှုဖြစ်ပွားပြီး တစ်ဦးကပွဲချင်းပြီးသေဆုံးတယ်။ နောက်နှစ်ယောက်က ဒဏ်ရာပြင်းလို့ ဘူးသီးတောင်ဆေးရုံကို ယူဆောင်သွားကြတယ်” ဟု ၎င်းကဆိုသည်။

ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အသက် ၁၅ နှစ်အရွယ် မောင်ရွှေသိန်းမှာ သေဆုံးသွားခဲ့ပြီး ကျန်နှစ်ဦးဖြစ်သည့် မောင်ဝင်းထွန်း ၁၅ နှစ်နှင့် မောင်သန်းအေး ၁၅ နှစ်တို့မှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြင်ရှည်ကျေးရွာတွင် လူဦးရေ တစ်ထောင်ခန့်နေထိုင်လျက်ရှိပြီး တိုက်ပွဲဖြစ်စဉ်ကာလအတွင်း စစ်ဘေး တိမ်းရှောင်ခြင်းမရှိခဲ့ဘဲ မိမိတို့ကျေးရွာတွင် နေထိုင်နေကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်အတွင်းက မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုဖြစ်စဉ် ၅၃ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၉ ဦးနှင့် ဒဏ်ရာရရှိသူ ၃၉ ဦးရှိခဲ့သည်။ ၂၀၂၀ ခုနှစ်အတွင်း မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှု ဖြစ်စဉ် ၆၁ ကြိမ်ရှိခဲ့ပြီး သေဆုံးသူ ၄၅ ဦးနှင့် ဒဏ်ရာရရှိသူ ၈၉ ဦးအထိရှိခဲ့ကြောင်း အစိုးရ၏စာရင်းများအရ သိရသည်။

ယင်းအထဲတွင် ကလေးသူငယ်ထိခိုက်ခံစားရသည့်အရေအတွက်မှာ ၂၀၁၉ ခုနှစ်တွင် ၁၇ ဦးနှင့် ၂၀၂၀ ပြည့် နှစ်တွင် ၆၄ ဦးအထိ မြင့်မားလာကြောင်းလည်း သိရသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် တိုက်ပွဲများရပ်တန့်နေသည်မှာ ၂ လကျော်ကြာမြင့်လာကာ စစ်ဘေးရှောင်အချို့ နေရပ်ပြန်မှုများရှိကြသော်လည်း အများစုမှာမိုင်းအန္တရာယ်အပြင် အခြားသောစိုးရိမ်ချက်များကြောင့် နေရပ် မပြန်နိုင်ကြသေးပေ။

စစ်ဘေးရှောင်များနေရပ်ပြန်ပြီး လုံခြုံအေးချမ်းစွာဘဝရပ်တည်နိုင်ရေးအတွက် မြေမြှုပ်မိုင်းရှင်းလင်းရေးကို အထူးဂရုစိုက်ဆောင်ရွက်ပေးရေးအဆိုကို ပြီးခဲ့သည့် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

လက်ရှိ ရခိုင်တွင် နေရပ်ပြန်ရန်ကျန်ရှိနေသေးသော စစ်ဘေးရှောင်ဦးရေ တစ်သိန်းရှစ်သောင်းကျော် ရှိသေးကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး၏ စာရင်းအရသိရသည်။

ဗီဒီယိုများ