ကိုဗစ်ကာလတွင် ငါးဈေးမရသည့်အတွက် မြဒေးကျွန်းဒေသခံများ စားဝတ်နေရေးအခက်တွေ့

ကိုဗစ်ကာလအတွင်း ငါးဈေးကောင်းမရသည့်အတွက် ရေလုပ်ငန်းကိုအဓိကထားလုပ်ကိုင်နေကြရသည့် ကျောက်ဖြူမြို့နယ် မြဒေးကျွန်းမှ ရေလုပ်သားများ စားဝတ်နေရေးအခက်တွေ့နေကြရကြောင်း သိရသည်။

20 Sep 2020

ခိုင်မင်း | DMG
စက်တင်ဘာ ၂၀ ၊ ကျောက်ဖြူ

ကိုဗစ်ကာလအတွင်း ငါးဈေးကောင်းမရသည့်အတွက် ရေလုပ်ငန်းကိုအဓိကထားလုပ်ကိုင်နေကြရသည့် ကျောက်ဖြူမြို့နယ် မြဒေးကျွန်းမှ ရေလုပ်သားများ စားဝတ်နေရေးအခက်တွေ့နေကြရကြောင်း သိရသည်။

COVID-19 ကာလအတွင်း ရေထွက်ပစ္စည်းတင်ပို့မှုများ ရပ်ဆိုင်းနေသည့်အတွက် အဝယ်ဒိုင်အများစုမှာ ပိတ်ထားကြပြီး လက်ရှိ ဝယ်ယူနေသည့် ဒိုင်အချို့တွင်လည်း ယခင်ကဲ့သို့ ဈေးကောင်းမရတော့ကြောင်း ရေလုပ်ငန်းလုပ်ကိုင်နေသူများက ဆိုသည်။

COVID-19 မဖြစ်မီအချိန်က ငါး၊ပုဇွန်တစ်ပိဿာလျှင် နှစ်သောင်းကျော်မှ သုံးသောင်းအထိ ဈေးရခဲ့သော်လည်း ကိုဗစ်ကာလတွင် ၇၀ ရာခိုင်နှုန်းခန့်အထိ ဈေးလျော့ကျသွားခဲ့ကြောင်း ရေလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

နောက်လများတွင်လည်း ယခုကဲ့သို့ ဆက်လက်ကြုံတွေ့နေရမည်ဆိုပါက စားဝတ်နေရေး ပိုမိုကျပ်တည်း လာနိုင်ကြောင်း ရေလုပ်သားတစ်ဦးဖြစ်သူ ဦးခင်မောင်ညွန့်ကဆိုသည်။

“ငါးတွေပုဇွန်တွေကလည်း ရောင်းမကောင်းဘူး။ အရင်နှစ်တွေကတော့ ဒီလောက်မဆိုးဘူး။ ဒီနှစ်ကတော့ ကိုဗစ်နဲ့ ထိတိုက်တိုးသွားတော့ တော်တော်ဆိုးသွားတာပေါ့။ ငါးပုဇွန်ဈေးတွေက တော်တော်လေးကို ကျဆင်း သွားတာ” ဟု ၎င်းကဆိုသည်။

ရေလုပ်သားများ စားဝတ်နေရေးအခက်အခဲနှင့် ကြုံတွေ့နေရသည့်အတွက် တာဝန်ရှိသူများအနေဖြင့် မြဒေးကျွန်းဒေသခံများ၏ဘဝကို ငဲ့ကြည့်စေလိုကြောင်း ဒေသခံဒေါ်ခင်စန်းယုကဆိုသည်။

“ဒီလိုဒုက္ခရောက်နေတဲ့ မြဒေးကျွန်းဒေသခံတွေကို ငဲ့ညှာစေချင်တယ်။ ဟိုဖက်လည်းမသွားရဘူး၊ ဒီဖက်ကိုလည်း မသွားရဘူးဆိုတော့ တော်တော်ကြီးကိုကျပ်ကျပ်တည်းတည်းခံနေရတယ်။ မြဒေးကျွန်းက အခြား လုပ်ငန်းတွေ ဆိုရင်လည်းမရှိသလောက်ပဲ။ မြစ်မှာပဲလုပ်စားနေရတော့ လုံးဝအခက်အခဲဖြစ်နေတာ” ဟု ၎င်းကဆိုသည်။

မြဒေးကျွန်းသည် တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ရေနံနှင့်သဘာဝဓာတ်ငွေစီမံကိန်းတည်ရှိရာ နေရာဖြစ်ကာ ဒေသခံအများစုမှာာ ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။

ဗီဒီယိုများ