မြေပုံမြို့နယ်တွင် တိုက်ပွဲပြင်းထန်ပြီး ထိခိုက်ဒဏ်ရာရရှိမှုရှိကြောင်း တပ်မတော်ပြော

ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်းမှ စညှင်း ၊ ဟင်းခရော်နှင့် တုတ်ချောင်းကျေးရွာအနီးတဝိုက်တွင် မနေ့က နိုဝင်ဘာလ ၃၀ ရက်နေ့တွင် တပ်မတောာ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

By နေဝင်းစံ 01 Dec 2019

(ဓာတ်ပုံ - ရက္ခိုင့်တပ်တော်)

နေဝင်းစံ | DMG
ဒီဇင်ဘာ ၁ ၊ စစ်တွေ

ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်းမှ စညှင်း ၊ ဟင်းခရော်နှင့် တုတ်ချောင်းကျေးရွာအနီးတဝိုက်တွင် မနေ့က နိုဝင်ဘာလ ၃၀ ရက်နေ့တွင် တပ်မတောာ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နံနက်(၈)နာရီ (၂၃)မိနစ်တွင် စညှင်းကျေးရွာ၏ တောင်ဖက် (၁.၂)ကီလိုမီတာ အကွာအဝေး၌လည်းကောင်း၊ နံနက်(၈) နာရီ(၄၅) မိနစ်အချိန်တွင် ဟင်းခရော်ရွာ မြောက်ဖက်(၁)ကီလိုမီတာခန့်အကွာအဝေးရှိ ကားလမ်းမအနီးတွင်လည်းကောင်း၊ နေ့လည်(၁၂) နာရီ(၄၃)မိနစ်တွင် တုတ်ချောင်းရွာ အနောက်မြောက်ဖက်အနီးတွင် လည်းကောင်း တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

ဟင်းခရော်ကျေးရွာအနီးတိုက်ပွဲတွင် တပ်မတော်က အရပ်သားကားများကို အသုံးပြုခဲ့ကာ တိုက်ပွဲတွင် တပ်မတော်သား ၁၂ ဦး ကျဆုံးမှုရှိခဲ့ကြောင်းနှင့် လက်နက်အချို့လည်း သိမ်းဆည်းရမိခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

မြေပုံမြို့နယ်အတွင်း မနေ့ကတိုက်ပွဲပြင်းထန်ခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုများရှိခဲ့ကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

“မနေ့က အဲဒီဟင်းခရော်အနီး ဝန်းကျင်တစ်ဝိုက်မှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်တယ်။ မနက် ၁၀ နာရီ ဝန်းကျင်လောက်ကနေ စဖြစ်တာ ညနေ ၄ နာရီလောက်မှပြီးတယ်။ ထိခိုက်ဒဏ်ရာရတာတွေတော့ရှိတယ်။ ဒါပဲပြောလို့ရမယ်” ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးကဆိုသည်။

ယင်းသို့ တိုက်ပွဲဖြစ်ပွားမှာနေရာများသို့ တပ်မတော်မှ ရဟတ်ယာဉ် ၂ စီးဖြင့်လာရောက်ကာ ရော့ကတ်၊ စက်သေနတ်များဖြင့် လှည့်လည်ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့ကြောင်း AA က ထုတ်ပြန်သည်။

ယင်းတိုက်ပွဲဖြစ်ပွားရာအနီးမှဒေသခံများမှာ ကြောက်လန့်ကာ လုံခြုံမည့်နေရာများတွင် ပုန်းအောင်းနေခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ထို့ပြင် ပလက်ဝမြို့နယ် မွန်ထောင့်ရွာအနီးတွင်လည်း နိုဝင်ဘာလ ၃၀ ရက်နေ့က တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ ကျဆုံးသူများရှိခဲ့ကြောင်း AA က သတင်းထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ်အထိကြာမြင့်လာခဲ့ပြီး လက်ရှိမှာ ပွင့်လင်းရာသီသို့ရောက်ရှိလာသဖြင့် တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်ကြောင်း နှစ်ဖက်လုံးက ပြောဆို ထားကြသည်။

ဗီဒီယိုများ