ကျောက်တော်မြို့နယ်မှ နေအိမ်များမီးရှို့ခံရမှု အဖြေမှန်သိရှိနိုင်ရန်အတွက် မီဒီယာများကို ဝင်ခွင့်ပေးရန် တိုက်တွန်း

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာတို့တွင် စက်တင်ဘာလ ၃ ရက်နေ့က မီးရှို့ခံရမှုကြောင့် နေအိမ် ၁၇၉ ဆောင် မီးလောင်ပျက်စီးသွားခဲ့ပြီး လူဦးရေ ၁၅၀၀ ကျော်မှာ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရကြောင်း ဒေသခံများထံမှသိရသည်။

By သက်ပိုင် 11 Sep 2020

သက်ပိုင် | DMG
စက်တင်ဘာ ၁၁ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာတို့တွင် စက်တင်ဘာလ ၃ ရက်နေ့က မီးရှို့ခံရမှုကြောင့် နေအိမ် ၁၇၉ ဆောင် မီးလောင်ပျက်စီးသွားခဲ့ပြီး လူဦးရေ ၁၅၀၀ ကျော်မှာ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရကြောင်း ဒေသခံများထံမှသိရသည်။

အဆိုပါနေ့က ကျေးရွာအတွင်းသို့ တပ်မတော်သားများ ဝင်ရောက်စစ်ဆေးမှုများရှိခဲ့ပြီး နေအိမ်များကို မီးရှို့ ခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာသားများက ပြောဆိုကြသည်။

သို့သော် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က နေအိမ်များကို AA က မီးရှို့ဖျက်စီးခဲ့ခြင်းဖြစ်ကြောင်း စက်တင်ဘာလ ၈ ရက်နေ့မှာထုတ်ပြန်ထားသည်။ ရက္ခိုင့်တပ်တော်(AA)ကလည်း အဆိုပါကျေးရွာများကို တပ်မတော်က မီးရှို့ခြင်းသာဖြစ်သည်ဟု စက်တင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။

ကျောက်တော်ဒေသတွင် အင်တာနက်အပြည့်ဝမရသောကြောင့် အဖြစ်မှန်ကိုသိရှိနိုင်ရန် ပြည်သူများကို မေးမြန်းဖို့အတွက် မီဒီယာများကိုဝင်ရောက်ခွင့်ပြုရန်လိုကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောသည်။

“ကျောက်တော်မြို့နယ်လို အင်တာနက်အပြည့်ဝမရတဲ့ ဒေသမှာ  ပြည်သူတွေကို သေချာသွားမေးကြည့်လိုက်ပါ။ ဘယ်သူတွေဘာလုပ်တယ်ဆိုတာကို ပြည်သူတွေက ဖြေပါလိမ့်မယ်။ တကယ်လို့ ပြည်တွင်းက မီဒီယာတွေကို ဝင်ခွင့်မပေးဘူးဆိုရင်တောင် ပြည်ပက မီဒီယာာတွေကို ဝင်ခွင့်ပေးလိုက်ပါ။ ဒီနေရာမှာ အပြန်အလှန် စွပ်စွဲ တာတွေ၊ အပြန်အလှန်ငြင်းခုန်နေကြတာတွေကို အဖြေပေါ်ပါလိမ့်မယ် ” ဟု ဆိုသည်။

စက်တင်ဘာလ ၈ ရက်နေ့ကပြုလုပ်ခဲ့သည့် “ပြည်ထောင်စုအတွက်ရခိုင်၊ ရခိုင်အတွက် ပြည်ထောင်စု” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် ဒေါ်ထုမေက ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဆွေးနွေးပွဲတွင်ပါဝင်သည့် ဖက်ဒရယ်အရေးလေ့လာသူ စောကပီက ယခုကဲ့သို့ နေအိမ်များ မီးရှို့ သည့်လုပ်ရပ်မှာ စစ်ပွဲဆိုသည်ထက် လက်နက်ရှိသည့်လူတစ်စုက လက်နက်မရှိသည့် ပြည်သူများ၏  အိုးအိမ် စည်းစိမ်များကို ဖျက်ဆီးသည့်လုပ်ရပ်သာဖြစ်ကြောင်း ပြောသည်။

“တိုင်းပြည်မှာ အစိုးရလုပ်တဲ့လူပဲဖြစ်ဖြစ် အာဏာရှိတဲ့လူပဲဖြစ်ဖြစ် ပြည်သူလူထုရဲ့ထောက်ခံမှုကိုလိုတယ် ။ ဒီလိုအချိန်ခါမျိုးမှာ ကြားရမြင်ရတာတွေက စိတ်မကောင်းဘူး၊ ဒီလုပ်ရပ်က လက်နက်ရှိတဲ့လူတွေက လက်နက်မရှိတဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးတဲ့လုပ်ရပ်လို့ပဲ မြင်ပါတယ်” ဟု သူက သုံးသပ်သည်။

အဆိုပါဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု၏ အမှုဆောင် ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ဘက်မညီသည့်စစ်ပွဲများတွင်  ပြည်သူများထိခိုက်မှု အများဆုံးဖြစ်နေသည်ကို တွေ့ရလေ့ရှိပြီး ယခုကဲ့သို့ ရွာမီးရှို့သည့်လုပ်ရပ်များကို အမေရိကန်က ဗီယက်နမ်စစ်ပွဲတွင် ပြုလုပ်ခဲ့သည်များလည်းရှိကြောင်း ဆိုသည်။

“စစ်ပွဲရဲ့သဘောသဘာဝမှာ (တရားသောစစ်ပဲဖြစ်ဖြစ် ၊မတရားသောစစ်ပွဲပဲဖြစ်ဖြစ် )အဓိက အခံရဆုံးကတော့ ပြည်သူတွေပဲဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

တပ်မတော်နှင့် AA တို့အကြား ဖြစ်ပွားသောတိုက်ပွဲများကြောင့် စက်တင်ဘာလ ၃ ရက်နေ့က ကျောက်တော် မြို့နယ် ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာတွင်  နေအိမ်များမီးလောင်ပျက်စီးခဲ့ပြီး အရပ်သား များစွာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရမှုအပေါ် များစွာစိုးရိမ်မိကြောင်း စက်တင်ဘာလ ၈ ရက်နေ့တွင် ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

ဗီဒီယိုများ