ရခိုင်တွင် ပထမဆုံးအကြိမ် မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်ဦးရေ ၂ သိန်းကျော်ရှိ

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ (First time voters)ပထမဆုံးအကြိမ် မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်ဦးရေ ၂ သိန်းကျော်ခန့်ရှိကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

14 Sep 2020


မင်းထွန်း | DMG
စက်တင်ဘာ ၁၄ ၊ စစ်တွေ

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ (First time voters)ပထမဆုံးအကြိမ် မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်ဦးရေ ၂ သိန်းကျော်ခန့်ရှိကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေခြင်း၊ ကိုဗစ်ရောဂါဖြစ်ပွားနေခြင်းတို့ကြောင့် အဆိုပါဆန္ဒမဲပေးခွင့် ရှိသည့် ပြည်သူများအနေဖြင့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုနည်းပါးနေသည်ဟု ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးသူရိန်ထွဋ်ကပြောသည်။

“နိုင်ငံရေးပါတီတွေကတော့ စိတ်ဝင်စားမှုရှိတယ်၊ သူတို့ဘယ်လိုလုပ်ချင်တယ်၊ ဘယ်လိုလုပ်ရင်ရမှာလဲ ဒါမျိုးတွေ မေးကြတာတွေ ရှိတယ်။ ပြည်သူလူထုမှာတော့ စားဝတ်နေရေးက တော်တော်လေး ထိခိုက်နေတယ်။ တိုက်ပွဲ ကြောင့်တစ်ခု၊ ကိုဗစ်ကြောင့်ကတစ်ခုဆိုတော့ အပြင်မှာလုပ်ငန်း ထွက်လုပ်လို့မရဘူး။ လုပ်ငန်းရှင်တွေကလည်း အလုပ်တွေ ရပ်နားထားကြတဲ့အခါကျတော့ တော်တော်လေး ဒုက္ခရောက်ကြတာပေါ့။ ဆိုတော့ ပြည်သူလူထု စိတ်ဝင်စားမှုက တော်တော်လည်းတော့ နည်းတယ်လို့ ပြောလို့ရတယ်” ဟု ၎င်းကပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ ဆန္ဒမဲပေးခွင့်ရှိသူဦးရေ ဆယ့်ခြောက်သိန်း လေးသောင်းကျော်ရှိပြီး ယင်းအထဲတွင် (First time voters)မဲဆန္ဒရှင်ဦးရေ  ၂ သိန်းကျော်ပါဝင်ခြင်းဖြစ်သည်။

အဆိုပါ ဆန္ဒမဲပေးခွင့်ရှိသည့် ပြည်သူလူထုများမှ ရွေးချယ်တင်မြှောက်လိုက်သည့် လွှတ်တော်ကိုယ်စားလှယ် များ၏ တောင်းဆိုချက်များသည် ထိရောက်မှုမရှိကြောင်းကို ပြည်သူများခံစားမိလာသည့်အတွက် လက်ရှိ နိုင်ငံရေးဖြစ်စဉ်ကို ယုံကြည်မှုကျဆင်းလာသည်ဟု ရခိုင်ပြည်ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေး အဖွဲ့မှ ဒါရိုက်တာ ဦးခိုင်ကောင်းစံကဆိုသည်။

“ဒီရွေးကောက်ပွဲနဲ့ လူထုတွေရွေးကောက်တင်မြှောက်လိုက်တဲ့ လွှတ်တေ်ာကိုယ်စားလှယ်တွေဟာ လွှတ်တော် ထဲမှာ ပြောဆိုနေတာတွေ၊ တောင်းဆိုတဲ့အရာတွေက မထိရောက်ဘူးလို့ လူထုတွေကခံစားကြရတယ်။ နောက်တစ်ခါ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တေ်ာတွေမှာဆိုရင်လည်း ရခိုင်ကအနိုင်ရရှိတဲ့ပါတီတွေက တင်ပြတဲ့အဆိုကို မေးခွန်းမေးမြန်းခွင့်တောင်မရှိတဲ့ အဆိုမျိုးတွေရှိတာပေါ့။ အဲဒီတော့ ဒီအပေါ်မှာ လူထု ကိုယ်တိုင်က နိုင်ငံရေးဟာ စိတ်ဝင်စားဖို့မကောင်းလောက်တော့ဘူး။ လက်ရှိနိုင်ငံရေးဖြစ်စဉ်မှာ ဒီအတိုင်း သွားနေရင် မထူးလာဘူးဆိုတဲ့ လူထုတွေရဲ့ယုံကြည်မှု လျော့ဆင်းလာတာ တွေ့ရတယ်” ဟု သူကပြောသည်။

ဆက်လက်၍ ဦးကောင်းစံက “လူငယ်တွေဆိုရင်လည်း လွှတ်တော်ထဲမှာနိုင်ငံရေးလုပ်နေရင်တော့ ထူးခြား လာမှာမဟုတ်ဘူး၊ ကျနော်တို့ရဲ့ ရပိုင်ခွင့်က တော်လှန်ရေးလုပ်မှရတော့မယ်ဆိုတဲ့ အတွေးအခေါ်မျိုးတွေ လူငယ်တွေမှာရော၊ လူလတ်ပိုင်းတွေမှာရော အဲလိုအတွေးတွေ ရှိနေတယ်။ အဲတာကြောင့်လည်း လက်ရှိမှာ ရက္ခိုင့်တပ်တော်(AA)ကို ပိုပြီးတော့ အားကိုမျှော်လင့်ပြီးတော့မှပဲ AA ရဲ့ လုပ်ဆောင်ချက်တွေကို လူထုတွေက ကြိုက်နေကြတာကိုတွေ့ရတယ်ပေါ့” ဟု ဆိုသည်။

ရွေးကောက်ပွဲကို ရခိုင်ပြည်သူများအနေဖြင့် စိတ်ဝင်စားခြင်း ရှိ/မရှိကိုသိရှိနိုင်ရန် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူ ၃၀ ဦးကို DMG မှမေးမြန်းခဲ့ရာတွင် စိတ်ဝင်စားခြင်းမရှိဟုဖြေဆိုသူ ၂၇ ဦး၊ စိတ်ဝင်စားသူ ၂ ဦးနှင့် စိတ်ဝင်စားခြင်းရှိ/မရှိမှာ ညီမျှနေသည်ဟုဖြေဆိုသူ ၁ ဦးတွေ့ရှိရသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုအားနည်းနေသည့်အချိန်တွင် ကိုဗစ်ရောဂါဖြစ်ပွားမှုများရှိလာသည့်အတွက် ပြည်သူများ၏ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုမှာ ပိုမိုလျော့နည်းလာသည်ကို တွေ့ရှိရသည်။

လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၆ နာရီအချိန်မှစတင်ပြီး နိုဝင်ဘာလ ၆ ရက်နေ့ ည ၁၂ နာရီအချိန်အထိ ရက်ပေါင်း(၆၀) ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ ထုတ်ပြန်ထားသည်။

ဗီဒီယိုများ